ထွက်ပြေးလာသူများကို ပြန်ခေါ်ရန် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က မြန်မာကို ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးလာကြသူ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံက ပြန်ခေါ်ရန် ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၁ ရက်နေ့က ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။

ကုလသမဂ္ဂ၏ အဆိုအရ ရခိုင်ပြည်နယ်မှ မွတ်ဆလင် အနည်းဆုံး ၆၅,၀၀၀ ခန့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးလာကြသည်ဟု ဆိုသည်။ ၎င်းတို့ထဲမှ သုံးပုံတစ်ပုံခန့်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထွက်ပြေးလာကြသူများဖြစ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ဘူးသီးတောင်နှင့် မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အလစ်ဝင်ရောက် တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ပြီးနောက် အစိုးရက အကြမ်းဖက်တိုက်ခိုက်သူများကို အဆိုပါဒေသတွင် ရှာဖွေဖမ်းဆီးမှုများ ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံမွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများ၊ ဖမ်းဆီးရိုက်နှက်မှုများနှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများအပြင် ကျေးရွာများကို မီးရှို့မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြသည်ဟုလည်း စွပ်စွဲမှုများရှိနေသည်။ သို့သော် မြန်မာအစိုးရက အဆိုပါစွပ်စွဲမှုများကို ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားကို လိုအပ်သလောက်သာ အသုံးပြုကာ အကြမ်းဖက်မှု ကျူးလွန်သူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်းသာဖြစ်သည်ဟု ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင် မွတ်ဆလင်လူနည်းစုများအပေါ် မြန်မာအစိုးရက လူမျိုးသုဉ်းရှင်းလင်းမှုများရှိနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲမှုများ ရှိနေသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အနိုင်အထက် ပြုကျင့်မှုများကြောင့် မွတ်ဆလင်ထောင်ပေါင်းများစွာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ပြောကြားကြသည်။

ထိုကဲ့သို့ လူအမြောက်အများ ရုတ်တရက် ရောက်ရှိလာသည့်အတွက် ဆင်းရဲသည့် ဘင်္ဂလားဒေရှ့်နိုင်ငံအပေါ် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်ပေါ်စေသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။ ထွက်ပြေးလာသူများအတွက် ၎င်း၏ နယ်စပ်အား ဖွင့်ထားပေးရန် ဘင်္ဂလားဒေရှ့်နိုင်ငံကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ဖိအားပေးမှုများ ရှိနေသော်လည်း အသစ် ဝင်ရောက်လာသူများကို တားဆီးရန်အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံက နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ထားပြီး ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်များပါ ချထားခဲ့သည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က ရှိတ်ခ်ဟာဆီနာက အကြပ်အတည်းအတွက် နည်းလမ်းရှာရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဘင်္ဂလားဒေရှ့်ကို ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်သင့်တယ်လို့ သူက ပြောခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Ihsanul Karim က ပြောကြားသည်။

ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးသွားကြသူများကိစ္စ ဆွေးနွေးရန်အတွက် ဦးကျော်တင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ သုံးရက်ကြာခရီး ရောက်ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်လကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးအား ခေါ်ယူပြီး ထွက်ပြေးလာသူများ ဆက်လက်ရောက်ရှိနေသည့်အတွက် အလွန်စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း ထွက်ပြေးလာပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာ သုံးသိန်းခန့်ကို ပြန်လည် ခေါ်ယူရန်လည်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ဘင်္ဂလားဒေရ်ှ့နိုင်ငံတွင် တရားမဝင် နေထိုင်နေကြသူများဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လူထောင်ပေါင်းများစွာ ထွက်ပြေးလာကြသည်ဟူသည့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေးခွန်းထုတ်ထားပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသူများအားလုံးကို နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်သူ ၂,၄၁၅ ဦးကိုသာ မြန်မာနိုင်ငံက ပြန်လည်လက်ခံနိုင်မည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာက ရေးသားထားသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးလာသူများက ပြောကြားသည့် ဇာတ်လမ်းများမှာလည်း လုပ်ကြံပြောဆိုမှုများသာဖြစ်သည်ဟု မြန်မာအစိုးရက ငြင်းဆိုထားသည်။

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာတွင်လည်း ရခိုင်ပြည်နယ်အတွင်း လူမျိုးသုန်း သတ်ဖြတ်မှုများနှင့် ဘာသာရေးအရ နှိပ်ကွပ်မှုများရှိနေသည်ဟူသည့် စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှုများရှိနေသည်ဟူသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လုံလောက်သည့် သက်သေအထောက်အထားများ မတွေ့ရှိရဟု ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၏ အရေးနှင့်ပတ်သက်ပြီး အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (အိုအိုင်စီ) ၏ အစည်းအဝေးကို လက်ခံကျင်းပသွားမည်ဟု မလေးရှားဝန်ကြီးချုပ်က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဦးဆောင်ကာ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျင်းပမည့် အိုအိုင်စီအစည်းအဝေးသို့ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၅၆ ဦးတက်ရောက်မည်ဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များအပေါ် မြန်မာအစိုးရက အနိုင်အထက်ပြုကျင့်မှုများရှိနေပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုများရှိနေသည်ဟု မလေးရှားဝန်ကြီးချုပ်က စွပ်စွဲထားသည်။

မြန်မာအစိုးရကမူ ရိုဟင်ဂျာဟု အသိအမှတ်ပြုထားခြင်းမရှိပဲ တစ်ဖက်နိုင်ငံမှ တရားမဝင်ရောက်ရှိလာကြသည့် ဘင်္ဂါလီများဟုသာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်လည်း ငြင်းဆိုထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar