ထောင်တွင်းဆူပူမှုများ တထပ်တည်းကျနေမှု ဖော်ထုတ်အရေးယူသွားမည်

ရဲမွန် မြတ်ကျော်သူ

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးကာ အကျဉ်းသား ၂၃,၀၀၀ ကျော်လွှတ်ပေးခဲ့မှုကို မကျေမနပ်ဖြစ်သဖြင့် ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီ၊ ပုသိမ်အကျဉ်းထောင်တို့၌ မေလ ၈ ရက်နှင့် ၉ ရက်တို့တွင် ဆူပူဆန္ဒပြခဲ့ကြသည်။

ယင်းသို့ဆန္ဒပြရာ၌ တောင်းဆိုချက်များ တသဘောတည်းဖြစ်နေခြင်း၊ အချို့မှာ ထပ်တူထပ်မျှဖြစ်နေခြင်း၊ ထောင်အချို့မှ လက်ကိုင်ဖုန်းဖြင့် (Live) တိုက်ရိုက်လွှင့်တင်ခြင်းတို့ကြောင့် ချိတ်ဆက်မှုများ၊ သွေးထိုးမှုများရှိသည်ဟုသုံးသပ်လျက် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၉ ရက်က သတင်းထုတ်ပြန်သည်။

အကျဉ်းသား လေးဦးသေဆုံးခဲ့ရသည့် ရွှေဘိုထောင်တွင်း အကျဉ်းသားများ ဆန္ဒပြဆူပူမှုကိုမူ ထိန်းသိမ်းထားနိုင်ပြီဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မေ ၉ ရက် ညနေပိုင်းတွင် သတင်းထောက်များကို ပြောသည်။

မေ ၈ ရက် ညနေပိုင်းမှစတင်ဖြစ်ပွားသည့် အကျဉ်းထောင်တွင်း ဆန္ဒပြဆူပူမှုသည် အကျဉ်းသားများက သမ္မတဦးဝင်းမြင့်၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးမှုအပေါ် မကျေနပ်ကြခြင်းကြောင့်ဖြစ်ပြီး ညပိုင်းတွင် သေနတ်များဖြင့် လူစုခွဲရသည်ထိ အရှိန်မြင့်ခဲ့သည်။

ရွှေဘိုထောင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ပစ်ဖောက်လူစုခွဲမှုကြောင့် အကျဉ်းသား လေးဦးသေဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဝန်ကြီးချုပ်က မေ ၉ ရက်က သတင်းဌာနများကို အတည်ပြုပြောကြားထားပြီး ယင်းသေဆုံးမှုတွင် မည်သူက တာဝန်ရှိသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

မေ ၉ ရက်ညနေပိုင်းတွင် အကျဉ်းသားများထံမှ အဓိကတောင်းဆိုချက် လေးချက်ကို ဝန်ကြီးချုပ်က လက်ခံရရှိခဲ့ပြီး နေပြည်တော်သို့ ဆက်လက်တင်ပြပေးသွားမည်ဟုလည်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အကျဉ်းသားများ၏ တောင်းဆိုချက် လေးချက်တွင် အကျဉ်းထောင်အတွင်း ပစ်ခတ်မှုများနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်နှင့်သတင်းသမားများကို လုံခြုံရေးမပါဘဲ ဝင်ရောက်စစ်ဆေးသတင်းယူခွင့်ပေးရန်၊ အကျဉ်းသားများကို တန်းတူညီမျှခွင့်ပေးရန်၊ သေဆုံးအကျဉ်းသားများအတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်နှင့် နှစ်ရှည်ပြစ်ဒဏ်ကျခံနေသူများကို ထောင်ပြောင်းရွှေ့ပေးရန်တို့ပါဝင်သည်။

မေလ ၉ ရက်၌ ဆူပူမှုဆက်လက်အရှိန်မြင့်နေခြင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးယူပေးခဲ့ပြီး မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ရသည်။

“ဒီနေ့က သတိပေးပစ်ခတ်ရုံပါပဲ။ ဘယ်သူမှ ဒဏ်ရာရတာမရှိဘူး။ မိုးပေါ်ထောင်ပစ်တာ” ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဆိုသည်။

ဆူပူမှုစတင်ချိန်မှစ၍ မေ ၉ ရက်ညနေပိုင်းအထိ ရွှေဘိုထောင်မှ အကျဉ်းသားတစ်ဦးက Kyal Zin (ကြယ်စင်) အမည်ဖြင့်အသုံးပြုထားသော ဖေ့စ်ဘွတ်ခ်အကောင့်ဖြင့် ဗီဒီယိုတိုက်ရိုက်လွှင့်တင်ခဲ့ကြောင်းတွေ့ရပြီး ယင်းအပေါ် ဝေဖန်မှုများလည်းရှိနေသည်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မိုဘိုင်းဖုန်းများသိမ်းဆည်းရန် ညွှန်ကြားထားသည်ဟုသာ ပြောဆိုထားပြီး အကျဉ်းထောင်တွင်း မိုဘိုင်းဖုန်းများ သုံးစွဲခွင့်ပေးသူများအပေါ် တစုံတရာအရေးယူရန်ကိစ္စနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မိုဘိုင်းဖုန်းများကို အကျဉ်းထောင်တွင်း အသုံးပြုခွင့်ပေးခြင်းတွင် အကျဉ်းထောင်ဝန်ထမ်းများ ပါဝင်ပတ်သက်နေသည်ဟု Frontier ကို ပြောသည်။

“တာဝန်အရှိဆုံးကတော့ ထောင်အာဏာပိုင်တွေပဲပေါ့” ဟု ၎င်းကဆိုသည်။

ထို့ပြင် အကျဉ်းထောင်ဆူပူမှုကို လူသေဆုံးသည်အထိ အရေးယူဆောင်ရွက်ခဲ့သည့်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ဝေဖန်လိုက်ပြီး အကျဉ်းဦးစီးဌာနကလည်း အကျဉ်းထောင်ဆူပူမှုများဆိုင်ရာ သတင်းထုတ်ပြန်မှု တစုံတရာ မပြုလုပ်သေးချေ။

မေလ ၉ ရက်တွင် ရွှေဘိုအကျဉ်းထောင်သာမက ပုသိမ်၊ ဘားအံ၊ မော်လိုက်၊ ကလေး၊ သာယာဝတီ၊ မြစ်ကြီးနား အစရှိသည့်အကျဉ်းထောင်များတွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ရွှေဘိုအကျဉ်းထောင်ကဲ့သို့ လူစုခွဲမှုမျိုး မရှိသေးပေ။

AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က အကျဉ်းသား လေးဦးသေဆံုံးမှုကို အစိုးရက လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ပြီး မဖြစ်မနေ အရေးယူမှုမျိုး ပြုလုပ်ရမည်ဟု မှတ်ချက်ပြုသည်။

“ဒါက အကျဉ်းသားအခွင့်အရေး၊ လူ့အခွင့်အရေးကို ချိုးဖောက်လိုက်တာပါပဲ။ လူစုခွဲတဲ့နေရာမှာ တခြားနည်းလမ်းတွေ အများကြီးသုံးလို့ရတာတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင်) ဥက္ကဋ္ဌ၏အဆိုအရ အကျဉ်းသား လေးဦး၏ ရုပ်အလောင်းများကို ရွှေဘိုဆေးရုံသို့ ပို့ဆောင်ထားသည်ဟုသိရပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ရ မရ အခြေအနေကိုမူ မသိရှိရသေးချေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar