ထောင်ကျနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအမှု တရားသေ လွှတ်ပေးရန် အယူခံတင်

ရဲမွန်

ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် အယူခံကို သတင်းထောက်နှစ်ဦးကိုယ်စား သူတို့ရဲ့ ရှေ့နေက ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်ကို တင်သွင်းလိုက်ပြီဖြစ်ပြီး တရားရုံးကလည်း အယူခံကို ယနေ့ (နိုဝင်ဘာ ၅ ရက်နေ့)မှာပဲ လက်ခံလိုက်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးသန်းဇော်အောင်က တိုင်းတရားရုံးအနေနဲ့ ဥပဒေချုပ်ရုံးထံ ဆက်လက်တင်ပြသွားရဦးမှာဖြစ်ပြီး အဲဒီအယူခံကနေ သတင်းထောက်နှစ်ဦးလုံးအတွက် ရလဒ်ကောင်းတွေ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

“ဟိုဘက်တရားလိုကို အကြောင်းကြားရဦးမှာတွေ ရှိသေးတယ်။ ပြီးတော့ လျှောက်လဲချက်တွေ ပေးရဦးမယ်။ ကျွန်တော် ထင်ပါတယ်။ ပြီးပြတ်ဖို့အတွက်က တစ်လကျော်လောက်တော့ ကြာလိမ့်မယ်။ ဒီအယူခံကနေ အကောင်းဆုံးဆိုတာကိုပဲ မျှော်လင့်ထားပါတယ်။ အဲဒါကြောင့်လည်း အယူခံဝင်ဖြစ်တာပါ”လို့ သူက ဆိုပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဝလုံးနဲ့ ၂၈ နှစ်အရွယ်ရှိတဲ့ ကိုကျော်စိုးဦးတို့ဟာ အစိုးရရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိခြင်း၊ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ ပုပ်ရဟန်းမင်းကြီးခရီးစဉ်တို့ကို သူတို့ရဲ့ ဖုန်းတွေထဲမှာ တွေ့ရှိခဲ့ရခြင်းကြောင့်ဟုဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီကျခံဖို့ စက်တင်ဘာ ၃ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။

ဒီနေ့ တင်သွင်းလိုက်တဲ့ အယူခံမှာတော့ ရိုက်တာသတင်းထောက်တွေဘက်က အယူခံအကြောင်းပြချက်အဖြစ် အချက် ခုနစ်ချက် တင်ပြခဲ့ပါတယ်။ သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ စာရွက်စာတမ်းတွေနဲ့ စပ်လျဉ်းပြီး တရားခံတွေဘက်က သက်သေပြဖို့ တာဝန်ကျရောက်တယ်လို့ မြောက်ပိုင်းခရိုင်တရားရုံးက သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းက ဥပဒေအရ များစွာ မှားယွင်းနေတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Steen J Adlerက မူလရုံးရဲ့ တရားစီရင်ချက်အမိန့်ဟာ ဥပဒေအရ မှားယွင်းနေတာ ဖြစ်တာကြောင့် အယူခံတင်သွင်းခဲ့ရခြင်းဖြစ်ပြီး သတင်းထောက်နှစ်ဦး ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ ပြစ်မှုအင်္ဂါရပ်တွေကို အခိုင်အမာသက်သေပြဖို့ ပျက်ကွယ်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အစိုးရကိုယ်တိုင် ကတိကဝတ်ပြုထားတဲ့အတိုင်း တရားဥပဒေစိုးမိုးရေး၊ သတင်းလွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့သက်ဆိုင်တဲ့ ကတိကဝတ်တွေကို လက်တွေ့ဖော်ဆောင်တဲ့အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အယူခံဝင်တဲ့အဆင့်မှာပဲဖြစ်ဖြစ်၊ သူတို့မိသားစုတွေ လျှောက်ထားတဲ့အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နည်းနဲ့ပဲ ဖြစ်ဖြစ် လွတ်မြောက်ခွင့်ပေးလိုက်တာမျိုး ဖြစ်သင့်တယ်လို့ မြင်ကြောင်း သူက ဆက် ပြောထားပါတယ်။

သတင်းထောက် ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က သူ့အနေနဲ့ ခင်ပွန်းဖြစ်သူကို သမီးလေးနဲ့ အတူတကွ ပြန်ဆုံစေချင်ပြီဖြစ်ကြောင်းနဲ့ အယူခံကနေတဆင့် သူ့ခင်ပွန်းနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာဖို့လည်း မျှော်လင့်တယ်လို့ Frontier ကို ပြောပါတယ်။

“မိသားစုသုံးယောက် အတူပြန်ဆုံချင်ပါပြီ။ သူလည်း အိမ်ပြန်ပြီး သူ့သမီးလေးနဲ့အတူ နေချင်နေပြီလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်မကျူးလွန်ထားဘဲ အခုလိုဖြစ်တော့ အကောင်းဆုံးကိုပဲ မျှော်လင့်နေပါတယ်”လို့ သူက ဆိုပါတယ်။

သူတို့ရဲ့ သမီးလေးဖြစ်တဲ့ မသက်ထားအိန်ဂျယ်ဟာ လာမယ့် နိုဝင်ဘာ ၂ဝ ရက်နေ့မှာ ရက် ၁ဝဝ ပြည့်တော့မှာဖြစ်ပြီး ကိုဝလုံးနဲ့ အောက်တိုဘာလအတွင်းက တခါတွေ့ဆုံပြီးဖြစ်ကြောင်းလည်း မိသားစုကတဆင့် သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar