ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် မလေးရှားသင်္ဘော မြန်မာနိုင်ငံသို့ ထွက်ခွာလာ

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၄

အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများ တင်ဆောင်လာသည့် မလေးရှားသင်္ဘောသည် မြန်မာနိုင်ငံသို့ သောကြာနေ့က စတင်ထွက်ခွာလာပြီ ဖြစ်သည်။ အဆိုပါပစ္စည်းများဖြင့် ရိုဟင်ဂျာ မူဆလင်များ၏ ခံစားနေရမှုများကို ပြေပျောက်စေရေးအတွက် အသုံးပြုမည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားသည်။

မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တပ်က ရိုဟင်ဂျာများအပေါ် လေးလကြာပြီဖြစ်သည့် ဖိနှိပ်မှုများက အထူးသဖြင့် မလေးရှားအပါအဝင် မူဆလင်ကမ္ဘာကို အထိန့်တလန့် ဖြစ်စေခဲ့သည်။ နာဂျစ်ကလည်း မြန်မာခေါင်းဆောင်များက လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု အစောပိုင်းတွင် စွပ်စွဲခဲ့သည်။

“အဓမ္မပြုကျင့်ခံရသူတွေ၊ အသတ်ခံရသူတွေနဲ့ အရှင်လတ်လတ် မီးရှို့ခံရသူတွေရဲ့နာကျင်မှုတွေနဲ့ ခံစားရမှုတွေကို ကျွန်တော်တို့ ကြားခဲ့ရပါတယ်” ဟု နာဂျစ်က ကွာလာလမ်ပူမြို့တော် အနောက်ဘက်ရှိ Port Klang တွင် ပြောကြားသည်။

ဆန်၊ ဆေးပစ္စည်းများ၊ အဝတ်အစားများနှင့် အခြား မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်း တန် ၂,၂၀၀ အပါအဝင် တက်ကြွလှုပ်ရှားသူနှင့် ဆေးဝန်ထမ်း ၂၃၈ ဦးကို တင်ဆောင်သွားသည့် Nautical Aliya သင်္ဘော ဆိပ်ကမ်းမှ ထွက်ခွာမှုကို လူပေါင်း ၇၀၀ ခန့် လာရောက် စုရုံးကြည့်ရှုခဲ့ကြသည်။

အဆိုပါ သင်္ဘောက ရန်ကုန်မြို့သို့ ထွက်ခွာလာမည်ဖြစ်သည်။ ရန်ကုန်မြို့တွင် ထောက်ပံ့ရေးပစ္စည်းအချို့ကို လက်ခံကာ ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာများထံ ပို့ဆောင်ပေးရန် မြန်မာအာဏာပိုင်များက သဘောတူထားသည်ဟု သင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ Wan Nordin က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အခြေစိုက်သည့် ကူညီထောက်ပံ့ရေးအဖွဲ့များက စုပေါင်းပေးအပ်ထားသည့် ကုန်စည်များထဲမှ ကျန်ရှိသည်များကို ဘင်္ဂလားဒေရှ့်နိုင်ငံ၊ တာနက်ဖ်ဆိပ်ကမ်းသို့ သယ်ဆောင်သွားမည်ဖြစ်သည်။ ထို့နောက် ဘင်္ဂလားဒေရှ့်ရှိ ရိုဟင်ဂျာဒုက္ခသည်များအား ထောက်ပံံ့မည်ဟု Wan က ပြောကြားသည်။

ရိုဟင်ဂျာများကို သွေးထွက်သံယို နှိမ်နင်းမှုများကြောင့် ထောင်ပေါင်းများစွာ သေဆုံးခဲ့ဖွယ်ရှိသည်ဟု ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်က ပြီးခဲ့သည့်နှစ် မတ်လတွင် အာဏာရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ ပုံရိပ်ကို စွန်းထင်းစေခဲ့သည်။

နယ်ခြားစောင့် ရဲစခန်းများအား တိုက်ခိုက်ခဲ့သည့်ဟု စွပ်စွဲခံထားရသည့် သောင်းကျန်းသူများကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလက စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာ၏ နှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်းများကြောင့်ဟုဆိုကာ ရိုဟင်ဂျာအနည်းဆုံး ၆၆,၀၀၀ မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာကြသည်။

အဆိုပါ စွပ်စွဲချက်များမှာ ဖန်တီးထားချက်များသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့က ပြောကြားထားပြီး လူနည်းစုများအား ကာကွယ်မှုပေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကိုလည်း ခုခံနေသည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် ဆက်ဆံပုံနှင့် ပတ်သက်ပြီး ဝေဖန်ခံနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြသည့် တိုင်းပြည်တွင် ၎င်းတို့အား ဘင်္ဂလားဒေရှ့်နိုင်ငံမှာ တရားမဝင် ဝင်ရောက်လာကြသူများအဖြစ်သာ သတ်မှတ်ထားကြသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar