ထိုင်းမှာ ပျောက်ဆုံးသွားတဲ့ မြန်မာတယောပညာရှင်ကို ဆေးရုံမှာ ပြန်တွေ့

လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကတည်းက ထိုင်းနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ မြန်မာတယောပညာရှင် ကိုငြိမ်းချမ်းဦးကို ဘန်ကောက်က ဆေးရုံတစ်ခုမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ကိုငြိမ်းချမ်းဦးဟာ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်စဉ် သြဂုတ် ၂ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းကို အတူသွားရောက်ခဲ့တဲ့ သူ့ရဲ့ချစ်သူဖြစ်သူက သူပျောက်ဆုံးသွားမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားပါတယ်။

အဲဒီနောက် ဘန်ကောက်မြို့ရဲ့ ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေတဲ့သူ့ကို သြဂုတ် ၁၃ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဆက်လက်ရေးသားထားပါတယ်။

ဆေးရုံမှာ ပြန်လည် တွေ့ရှိချိန်မှာတော့ ညာဘက်လက်ကျိုးနေပြီး တွေဝေနေတဲ့ပုံစုံ ပေါက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့အခြေအနေဟာ မစိုးရိမ်ရပဲ တည်ငြိမ်တဲ့အနေအထားမှာ ရှိနေတယ်လို့ ထိုင်းခရီးသွားရဲတပ်ဖွဲ့ (TPB) ရဲ့ လက်ထောက်ကော်မရှင်နာ ရဲဗိုလ်ချုပ် Surachate Hakparn က ပြောတယ်လို့ ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားထားပါတယ်။

ကိုငြိမ်းချမ်းဦးဟာ မပျောက်ဆုံးမီ ညစာစားဖို့အတွက် အပြင်ထွက်သွားတဲ့အချိန်မှာ နိုင်ငံကူးလက်မှတ် ယူဆောင်သွားခြင်း မရှိဘူးလို့ သိရပါတယ်။

သြဂုတ် ၃ ရက်နေ့မှာတော့ Wat Thep Leela ဘုရားကျောင်းအနီးမျာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတစ်ဦး လျှောက်ပြေးနေတယ်ဆိုတဲ့သတင်းကို Hua Mak ရဲတပ်ဖွဲ့က ရရှိခဲ့တယ်လို့ ဘန်ကောက်မြို့တော် အမှတ် ၂ ရဲတပ်ဖွဲ့က ရဲဗိုလ်ချုပ် Sompong Chingduang က ပြောပါတယ်။

အဲဒီနောက် ရဲတွေက အဲဒီလူကို ရဲစခန်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ ရဲစခန်းရောက်ချိန်မှာ သူက အစားစားဖို့ ငြင်းဆန်နေတဲ့အတွက် သြဂုတ် ၅ ရက်နေ့မှာ ရဲတွေက သူ့ကို Nopparat Rajathanee ဆေးရုံကို ပို့ဆောင်လိုက်ကြပါတယ်။

ဆေးရုံရောက်ချိန်မှာ သတိရှိနေပေမယ့် ဆေးဝန်ထမ်းတွေရဲ့ ညွှန်ကြားမှုတွေကို လိုက်နာဖို့ကိုတော့ သူက ငြင်းဆန်ခဲ့တယ်လို့ သူနာပြုတစ်ဦးက ဘန်ကောက်ပို့စ်ကို ပြောပါတယ်။

ရဲဗိုလ်ချုပ် Surachate Hakparn ကတော့ ကိုငြိမ်းချမ်းဦးဟာ တိုက်ခိုက်ရန်ပြုခံရတာ ဖြစ်ဖွယ်မရှိဘူးလို့ ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar