ထိုင်းမှပြန်လာသည့် ဒုက္ခသည်များ နေထိုင်ရေး ချက်ချင်းဆောင်ရွက်၍ မရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁

ထိုင်းနိုင်ငံမှ အောက်တိုဘာ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မြန်မာဒုက္ခသည်များ ရန်ကုန်မြို့သို့ ရောက်ရှိသည်မှာ ယနေ့တွင် ခြောက်ရက်မြောက် ရှိသွားပြီဖြစ်သော်လည်း နေထိုင်စရာ မရရှိသေးသလို ရန်ကုန်တိုင်းဒေသကြိ အစိုးရအနေဖြင့်လည်း မဖြေရှင်းနိုင်သေးဘဲ အကြပ်အတည်း ဖြစ်လျက်ရှိနေသည်။

မြန်မာအစိုးရက ထိုင်းနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့၏ သဘောတူညီမှုဖြင့် ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် ၆၅ ဦးကို ကနဦးပြန်လည် ခေါ်ဆောင်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာရန် ဆန္ဒပြုသည့် ဒုက္ခသည် ၁၇ ဦး ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သော်လည်း ယနေ့အချိန်ထိ နေထိုင်စရာ စီစဉ်ပေးနိုင်ခြင်းမရှိသေးပေ။

အောက်တိုဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ကျိုက်ဝိုင်း၊ လူကယ်ပြန်ရုံးတွင် ယာယီနေထိုင်နေကြသည့် ဒုက္ခသည်များကို လာရောက် ကြည့်ရှုခဲ့ပြီး “အစိုးရမှာ တာဝန်ရှိတယ်ဆိုတာမှန်ပါတယ်။ ခက်တာက ရန်ကုန်တိုင်းအစိုးရမှာ အရှားဆုံးက မြေဖြစ်နေတယ်။ ဒါကိုချက်ချင်းကြီး ဆောင်ရွက်လို့ မရသေးပါဘူး” ဟု သတင်းထောက်များကို ဖြေကြားခဲ့သည်။

မရမ်းကုန်း၊ ကျိုက်ဝိုင်းရှိ လူကယ်ပြန်ရုံးတွင် ဒုက္ခသည်မိသားစု လေးစု၊ လူဦးရေ ၁၇ ဦးရှိပြီး မြန်မာနိုင်ငံတွင် ကျောင်းအပ်နှံထားသည့် ကလေးနှစ်ဦးလည်း ပါဝင်သည်။ တစ်ဦးမှာ မြဝတီတွင် ကျောင်းတက်နေပြီး ကျန်တစ်ဦးမှာ ပဲခူးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည်။

ထိုင်းနိုင်ငံမှ ပြန်လာစဉ်က အဆိုပါ ဒုက္ခသည် ၁၇ ဦးကို ရန်ကုန်တွင် နေထိုင်စရာပေးမည်ဟု ကုလသမဂ္ဂနှင့် သဘောတူညီမှုရရှိကာ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်ထိ ၎င်းတို့အတွက် နေထိုင်စရာနေရာ မသေချာသေးပေ။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က လှိုင်သာယာရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် ကျပ် ၉၈ သိန်းဖြင့် နေရာပေးမည်ဟု ၎င်းတို့အား ပြောကြားခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကျပ် ၉၈သိန်းတွင် ၃၀ ရာခိုင်နှုန်းကို ဦးစွာ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ရှစ်နှစ်အထိ အရစ်ကျပေးသွင်းနိုင်ကြောင်း လာရောက်ညှိနှိုင်းခဲ့သည်ဟု ဒုက္ခသည်များက ဆိုသည်။

“ကျွန်မတို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” ဟု ဒုက္ခသည်တစ်ဦးဖြစ်သူ မအေးအေးစန်းက ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒုက္ခသည်တဦးကို တနေ့လျင် ကျပ် ၃,၀၀၀ စီ ထောက်ပံ့ပေးထားပြီး ဒုက္ခသည်များပြန်လာသည့်နေ့က ပြည်ထောင်စုအစိုးရနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ စုပေါင်း၍ မိသားစုတစ်စုကို ကျပ်လေးသိန်းစီ ထောက်ပံ့ထားသည်။

“အစိုးရရဲ့လုပ်ပုံက ဒီအတိုင်းအချိန်ဆွဲထားပြီး နောက်ဆုံး သူတို့ (ဒုက္ခသည်တွေ) ရဲ့ ဆွေမျိုးတွေ ပြန်လာခေါ်တဲ့အထိ စောင့်နေပုံရတယ်။ ဒီလိုအကွက်ဆင်နေတယ်လို့ ထင်တယ်” ဟု ဒုက္ခသည်များကို လိုက်လံကူညီနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းကြင်က ဆိုသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar