ထိုင်းပြန် ဒုက္ခသည်များ ရွှေလင်ဗန်းစက်မှုဇုန်ရှိ တိုက်ခန်းများသို့ ပြောင်းရွှေ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရတို့၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာဒုက္ခသည်များသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ သဘောတူညီချက်ဖြင့် လှိုင်သာယာရှိ ရွှေလင်ဗန်းစက်မှုဇုန်သို့ ယနေ့နံနက်က စတင်ကာ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က စတင်ကာ ရန်ကုန်၊ ကျိုက်ဝိုင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နရာချထားရေးရုံးတွင် ရက်ပေါင်း ၅၀ ကျော်ကြာ သောင်တင်နေခဲ့ကြပြီးနောက် ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်မှ ရွှေလင်ဗန်းစက်မှုဇုံသို့ ပြောင်းရွှေ့နိုင်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနေ့မနက်ပဲ ပြောင်းလာကြတယ်။ တိုက်ခန်းတွေမှာ ရေ၊ မီး မရှိသေးဘူး။ မဆင်ရသေးဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ မီးလုပ်နေပြီလို့ ပြောပါတယ်” ဟု ထိုင်းပြန်ဒုက္ခသည်တစ်ဦးဖြစ်သူ ဦးအေးလွင်က Frontier ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က လှိုင်သာယာရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် နေရာချပေးမည်ဟု နိုဝင်ဘာလ အစောပိုင်းတွင် ညှိနှိုင်းခဲ့ပြီးနောက် ယခုဒီဇင်ဘာလတွင် ဒုက္ခသည်များဖက်က သဘောတူညီခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုဝန်ကြီး (ဒေါက်တာ ဝင်းမြတ်အေး) က ဘယ်လောက် တတ်နိုင်လဲလို့ မေးတယ်။ အစိုးရနဲ့ ပူးပေါင်းပါလို့ပြောတယ်။ အလကားလည်း မပေးနိုင်ဘူးတဲ့။ ကျပ် ၁၀ သိန်းလောက်တော့ တတ်နိုင်တယ်လို့။ အရစ်ကျနဲ့ လစဉ်ပေးနိုင်တယ်။ ပြီးတော့ ဒေါက်တာဝင်းမြတ်အေးက အိုးအိမ်ဝန်ကြီးနဲ့ ညှိပေးတယ်” ဟု ဦးအေးလွင်က ဆိုသည်။

ဦးအေးလွင်သည် လေးလွှာရှိ ကျပ် ၉၈ သိန်းတန် အခန်းတခန်းအတွက် ပထမအရစ်အနေဖြင့် ကျပ် ၁၀ သိန်း ပေးသွင်းထားပြီး လပေါင်းမည်မျှ အရစ်ကျပေးရမည်ကိုမူ အစိုးရက တိတိကျကျ မပြောသေးဟု ဆိုသည်။

မြေညီထပ်နှင့် အခြားအထပ်များမှာ ဈေးနှုန်းအမျိုးမျိုး ကွဲပြားနေရာ မြေညီထပ်တွင် နေထိုင်လိုသူများမှာ ပထမအရစ် ကျပ် ၂၅ သိန်းပေးသွင်းရပြီး နောက် ခြောက်လအကြာတွင် ကျပ် ၁၅ သိန်း ထပ်မံပေးသွင်းရမည်ဖြစ်ကာ လပေါင်းမည်မျှပေးဆပ်ရမည်ကိုမူ မသိသေးပေ။

မြေညီထပ်ကို အရစ်ကျဝယ်ယူထားသူ ကိုသန့်ဇင်မောင်က “ကျွန်တော်တို့ ပြောင်းပြီဆိုတာကိုတော့ ယူအန် (ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) ကို ပြောထားတယ်ဗျ။ ကျွန်တော့်မိန်းမကလည်း ဆေးရုံတက်နေရတော့ ဆေးကုသစရိတ်တွေ သူတို့ကျခံပေးမယ်လို့ ပြောထားတယ်” ဟု ပြောကြားသည်။

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာဒုက္ခသည် ၆၅ ဦးသည် အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြပြီးနောက် မြန်မာနိုင်ငံတွင်း မိမိတို့ နေထိုင်လိုသည့်ဒေသများကို ရွေးချယ်ခဲ့ကြရာ ဒုက္ခသည် ၁၇ ဦးမှာ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၇ ဦးအတွက် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလ ျှင် ကျပ် ၃,၀၀၀ ကို စတင်ရောက်ရှိသည့်နေ့မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ အစိုးရက ထောက်ပံ့ပေးခဲ့သည်။

ဒုက္ခသည်များ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အလုပ်သမားဦးစီးဌာနက ဆောင်ရွက်နေသည်ဟုဆိုပြီး အလုပ်လျှောက်လွှာများ ဖြည့်သွင်းထားရကာ အကယ်၍ အလုပ်ရှိပါက ဆက်သွယ်မည်ဟု ၎င်းတို့ကို ပြောဆိုထားကြောင်း ဒုက္ခသည်များက ဆိုသည်။

ပြည်တော်ပြန် ဒုက္ခသည် ၆၅ ဦးထဲမှ ရန်ကုန်ရောက် ဒုက္ခသည် ၁၇ ဦးလုံး ရွှေလင်ဗန်း စက်မှုဇုန်တွင် ယခုကဲ့သို့ နေထိုင်ရာ တိုက်ခန်းများ ရရှိသွားပြီဖြစ်သော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ရောက်ရှိနေသည့် ကျန်ရှိသည့်ဒုက္ခသည်များမှာမူ အခက်အခဲများ တွေ့နေကြဆဲဖြစ်သည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar