မြန်မာဒုက္ခသည် ၆၅ ဦးသည် ထိုင်းနိုင်ငံနယ်စပ်ရှိ စခန်းများမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြန်သွားကြပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ နှစ်နိုင်ငံအကြားတွင် ပိတ်မိနေသူများအား နေရင်းဒေသများသို့ ပြန်လည်ခေါ်ဆောင်မည့် နှစ်ဖက်အစိုးရ၏ အစီအစဉ်အား ပထမဆုံး စတင်ခြင်းလည်း ဖြစ်သည်။
၁၉၈၀ ပြည်နှစ်များက စတင်ကာ မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာကို ထိုင်းနိုင်ငံက လက်ခံထားခဲ့သည်။ ကရင်ပြည်နယ်မှ မိသားစုများသည် ထိုစဉ်က မြန်မာစစ်အစိုးရလက်ထက်တွင် ရက်ရက်စက်စက် ဆင်နွှဲသည့် ပြည်တွင်းသောင်းကျန်းမှု စစ်ဆင်ရေးလှုပ်ရှားမှုများမှ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံက ဒုက္ခသည်များကို တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသလို ခိုလှုံခွင့်ပေးရန်လည်း ကမ်းလှမ်းခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်မှု အဆုံးသတ်သွားသော်လည်း မြေယာပိုင်ဆိုင်မှုမရှိခြင်းနှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများကြောင့် ထွက်ပြေးခဲ့သူ ကရင်တိုင်းရင်းသားအများစုအား နေရပ်ပြန်ရန် ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပေ။
ခြောက်ဦးပါဝင်သည့် မိသားစုတစ်စု ပြန်သွားပြီး နောက်တစ်နေ့တွင်ပင် နောက်ထပ် ၆၅ ဦးမှာ နယ်စပ်ဖြတ်ကျော်ကာ ပြန်သွားခဲ့ကြသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံမှ သိရသည်။
“မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကြောင့် အားတက်မိပြီး သူတို့နဲ့ သူတို့ မိသားစုတွေအတွက် နေရပ်မြေမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တွေ့မြင်ရတယ်လို့ အများစုက ပြောကြပါတယ်” ဟု ထိုင်းနိုင်ငံရှိ UNHCR ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဗီဗီယန်တန်က ပြောသည်။
ယခုအစီအစဉ်သည် နှစ်နိုင်ငံအစိုးရများက ကျောထောက်နောက်ခံပြုပေးထားသည့် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်သည့် ပထမဆုံး အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကလည်း ထောက်ခံကြပြီး ၎င်းတို့က သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ထောက်ပံ့ပေးထားကြသည်။
သို့သော်လည်း အလုံးအရင်းဖြင့် ပြန်လည်ပို့ဆောင်ရန်အတွက်မူ အခြေအနေများက အဆင်သင့်မဖြစ်သေးဟု တန်က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် မိုင်းရှင်းလင်းရေးများ ထပ်မံလုပ်ဆောင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် ၎င်းက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်သည့် ရွေးကောက်ပွဲအပြီး စစ်တပ်၏ ချုပ်ကိုင်မှု လျော့ကျသွားသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ စတင်ချိန်မှ စတင်ကာ ဒုက္ခသည် ထောင်ပေါင်းများစွာမှာ ထိုင်းနိုင်ငံရှိ စခန်းများမှ တိတ်တဆိတ် ထွက်ခွာပြီး ၎င်းတို့သဘောဖြင့် နေရပ်ပြန်သွားခဲ့ကြသည်။
မြန်မာ့တပ်မတော်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်ရပ်ဆဲရေးကို ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့ပြီနောက်ပိုင်း ပဋ္ဋိပက္ခများလည်း သိသိသာသာလျော့နည်းသွားသည်။
မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအာဏာရရှိပြီး ပထမလဆုံးလအနည်းငယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးရရှိရန် ကြိုးစားဆောင်ရွက်ခဲ့သည်။
သို့သော် ပြီးခဲ့သည့်လက တပ်မတော်နှင့် ကရင်ပြည်နယ်ရှိ ခွဲထွက် လက်နက်ကိုင်အဖွဲ့ငယ်တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ထိုင်းနိုင်ငံရှိ စခန်းများအား စီမံကွပ်ကဲသည့် ကရင်ဒုက္ခသည်ကော်မတီ (Karen Refugee Committee) ကမူ လက်ရှိဖြစ်ပေါ်နေသည့် မငြိမ်သက်မှုများကြောင့် ကြောင့်ကြနေပြီး စခန်းများအား ရှင်းလင်းဖယ်ရှားမှုကို အလ ျှင်အမြန်မပြုလုပ်ရန် သတိပေးလိုက်သည်။
“အစိုးရအနေနဲ့ ဒေသတိုင်းမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ လိုပါတယ်။ ဒီလို မလုပ်ပဲနဲ့တော့ ကျွန်တော်တို့ ဘယ်လိုယုံလို့ရမှာလဲ” ဟု ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ Blooming Night Zan က ပြောသည်။
စခန်းများတွင် နေထိုင်သူများအား ထိုင်းနိုင်ငံက နိုင်ငံသားဖြစ်ခွင့် ပေးမထားသော်လည်း နေထိုင်သူ ထောင်ပေါင်းများစွာအား တတိယနိုင်ငံများတွင် ပြန်လည်အခြေချ နေထိုင်ရန်အတွက် UNHCR က ပို့ဆောင်ပေးနေခြင်းကိုမူ ခွင့်ပြုထားသည်။
နှစ်နိုင်ငံနယ်စပ်တစ်လျောက်ရှိ ဒုက္ခသည်စခန်းကိုးခုတွင် လူပေါင်း တစ်သိန်းကျော် နေထိုင်နေကြဆဲဖြစ်သည်။