ထိုင်းစားသောက်ကုန်လုပ်ငန်းကြီးကို မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားစွဲ

ကြက်မွေးမြူရေးခြံများတွင် အတင်းအဓမ္မ အလုပ်စေခိုင်းသည်ဟုဆိုကာ ထိုင်းနိုင်ငံမှ စားသောက်ကုန်တင်ပို့သည့် အဓိကလုပ်ငန်းကြီးတစ်ခုကို မြန်မာရွှေ့ပြောင်းလုပ်သားတစ်စုက စက်တင်ဘာ ၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။

လှေလုပ်သားများအား ကျွန်ကဲ့သို့ ခိုင်းစေမှုများနှင့် လူကုန်ကူးခံရသည့် လုပ်သားများကို အသုံးပြုမှုဖြင့် ထိုင်းနိုင်ငံ၏ ပင်လယ်ရေထွက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။

သို့သော်လည်း ထုတ်လုပ်သည့် အသားများ၏ သုံးပုံတစ်ပုံခန့်ကို ဥရောပသို့ တင်ပို့နေသည့် ကြက်မွေးမြူရေးလုပ်ငန်းမှာမူ စောင့်ကြည့် စစ်ဆေးမှုများမှ ကင်းလွတ်လျက်ရှိသည်။

ထိုင်း ကြက်မွေးခြံတစ်ခုတွင် သတ်မှတ် လုပ်ခလစာထက် လျော့နည်းရရှိသလို အလွန်အကျွံ အလုပ်ခိုင်းစေခံခဲ့ရသည်ဟုဆိုကာ ရွှေ့ပြောင်းလုပ်သား ၁၄ ဦးက လျော်ကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း တောင်းဆိုလိုက်သည်ဟု ထိုအလုပ်သမားများ အမှုဖွင့်နိုင်စေရန် ကူညီပေးနေသည့် ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ယက် (MWRN) က ပြောကြားသည်။

၎င်းတို့အား လုပ်ဘူရီရှိ မွေးမြူရေးခြံတွင် ကြက်ခြံအတွင်း၌သာ အိပ်စက်ရခြင်းအပါအဝင် တစ်နေ့လ ျှင် နာရီ ၂၀ ကြာ ပင်ပင်ပန်းပန်း အတင်းအလုပ်ခိုင်းစေခဲ့သည်ဟု အလုပ်သမားများက ပြောကြားကြသည်။ အဆိုပါမွေးမြူရေးလုပ်ငန်းက တစ်ကမ္ဘာလုံးတွင် ဖောက်သည်များရှိနေသည့် ထိုင်းအစားအသောက်လုပ်ငန်းကြီးဖြစ်သည့် Betagro ကို အသားများ ပေးသွင်းနေသည်။

စိုင်ဘူရီရှိ အလုပ်သမားတရားရုံးတွင် စွဲဆိုခဲ့သည့် ၎င်းတို့အမှုတွင် အလုပ်သမားများက Betagro၊ Thammakaset မွေးမြူရေးခြံ ၂ နှင့် ထိုင်းအာဏာပိုင်များထံမှ လျော်ကြေးများ တောင်းဆိုခဲ့ကြသည်ဟု MWRN မှ အန်ဒီဟောက ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့တွင် Betagro က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်မူ ၎င်းတို့အနေဖြင့် အလုပ်သမား စည်းမျဉ်း စည်းကမ်းများကို လိုက်နာသည့်အပြင် အလုပ်သမားများအား လူမျိုးအရ ခွဲခြားမှုမရှိပဲ တန်းတူဆက်ဆံသည်ဟု ဖော်ပြထားသည်။

“ဒီပြဿနာကို ကျွန်တော်တို့ ဘယ်တုန်းကမှ လျစ်လျူရှုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အခုလိုကိစ္စ ပေါ်ပေါက်လာတဲ့ဟာက ကျွန်တော်တို့ရဲ့ အလုပ်သမားတွေကို စီမံခန့်ခွဲတဲ့ စနစ်တွေကို အဆင့်ထပ်မံမြှင့်တင်ဖို့အတွက် အခွင့်အရေးတစ်ခုအဖြစ် မှတ်ယူသွားမှာ ဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လက အလုပ်သမားများ၏ စွပ်စွဲမှု ပေါ်ပေါက်လာသည့်အချိန်က စတင်ကာ Betagro က ၎င်းတို့ထံ ကြက်သားများ ပေးသွင်းနေသည့် အဆိုပါ ကြက်မွေးမြူရေးခြံနှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီး ဖြစ်သည်။

သို့သော် ထိုအချိန်က စတင်ကာ ကုမ္ပဏီက အလုပ်သမားများအတွက် လုံလောက်သည့် ကူညီထောက်ပံ့မှုများပေးရန် ပျက်ကွက်ခဲ့သည်ဟု အန်ဒီဟောက ပြောသည်.

“သူတို့ကို ပစ္စည်းပေးသွင်းနေတဲ့နေရာမှာ ဖြစ်ပွားတာတွေအတွက် Betagro က တာဝန်ယူဖို့ ကျွန်တော်တို့ ဒီအမှုကို တွန်းအားပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

အလုပ်သမားများကို နှိပ်စက်ညှင်းပန်းသည့် ဇာတ်လမ်းများဖြင့် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သည့် ထိုင်းနိုင်ငံ၏ ပင်လယ်ရေထွက်ပစ္စည်း ထုတ်လုပ်သည့် ကဏ္ဍကမူ ၎င်းတို့၏ စက်ရုံများရှိ အလုပ်သမားအရေးကိစ္စများကို ပိုမို သတိထားမိကြသည်ဟု ၎င်းကပြောသည်။

“ဒါပေမယ့် ကြက်သားထုတ်လုပ်တဲ့လုပ်ငန်းက ဒီလို အာရုံစိုက်မှုကနေ ရှောင်လွှဲနိုင်ခဲ့ကြတယ်။ ကုမ္ပဏီအတော်များများက အလုပ်သမားတွေကို အခြေခံလစာတောင် မပေးကြသလို အလုပ်သမားတွေမှာလည်း အင်အားမရှိသလောက်ပါပဲ” ဟု အန်ဒီဟောက ပြောသည်။

တရားစွဲဆိုခဲ့သည့် အလုပ်သမား ၁၄ ဦးက ၎င်းတို့အား ဥပဒေနှင့် မညီပဲ လစာဖြတ်တောက်မှုများ ရှိသလို ရက်သတ္တပတ်တစ်ပတ်လ ျှင် နှစ်နာရီသာ ဈေးသို့ သွားခွင့်ပြုပြီး ထိုသို့သွားရာတွင်လည်း လိုက်လံ စောင့်ကြည့်မှုများရှိသည်ဟု စွပ်စွဲထားကြသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar