ထိုင်းကြက်မွေးမြူရေးခြံက အသရေဖျက်မှုဖြင့် စွပ်စွဲထားသည့် မြန်မာလုပ်သားများအား တရားရုံး၌ စတင်စစ်ဆေး

အေအက်ဖ်ပီ

ထိုင်းကြက်မွေးမြူရေးခြံက အလုပ်သမားများအပေါ် ဖိနှိပ်သည်ဟု စွပ်စွဲခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးအပေါ် စွဲချက်တင်ထားသည့် အသရေဖျက်မှုကို ဘန်ကောက်တရားရုံးတစ်ခုက ယနေ့ စတင် ကြားနာခဲ့သည်။ ထိုအမှုမှာ သတိပေးဖော်ထုတ်သူများကို ငြိမ်သက်သွားစေရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။

၎င်းတို့မှာ အလုပ်ကို ပိုပိုမိုမိုလုပ်ရသော်လည်း လုပ်ခ လျှော့ပေးခံရကြောင်း ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ ၂၀၁၆ ခုနှစ်က တိုင်ကြားပြီးနောက် လောဘူရီပြည်နယ်ရှိ မွေးမြူရေးခြံက ယင်းအလုပ်သမားများကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တစ်ရက်လျှင် နာရီ ၂၀ အထိ လုပ်ကိုင်ရသည့် ရက်များရှိခဲ့ပြီး အချိန်ပိုအတွက် လုပ်အားခလည်း မရရှိကြောင်း အလုပ်သမားများက ပြောကြားသည်။ ထိုင်းအစားအစာ ကုမ္ပဏီစုကြီးဖြစ်သည့် Betagro အတွက် အသားများ ပို့ပေးနေသည့် Thammakaset ကုမ္ပဏီက အဆိုပါ မွေးမြူရေးခြံကို ပိုင်ဆိုင်ထားသည်။

ကမ္ဘာတစ်ဝန်းသို့ ရောင်းချလျက်ရှိသော Betagro သည် နောက်ပိုင်းတွင် အသားပေးပို့သည့် Thammakaset ကုမ္ပဏီနှင့် အဆက်ဖြတ်ခဲ့သည်။ ထို့နောက် Thammakaset က ထောင်ဒဏ် တစ်နှစ်ခွဲအထိ ကျစေနိုင်သည့် အသရေဖျက်မှု၊ အစိုးရအရာရှိများကို သတင်းမှားပေးမှုတို့ဖြင့် မြန်မာလုပ်သားများကို တရားစွဲဆိုခဲ့သည်။ သုံးရက်ကြာတရားခွင်၏ အစအဖြစ် ဘန်ကောက်တရားရုံးတစ်ခုသို့ ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာကြခြင်းဖြစ်သည်။

“အလုပ်သမားတွေက တိုင်ရုံတိုင်ခဲ့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်လို့ သူတို့ ယူဆတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုကို စစ်ဆေးဖို့ တောင်းဆိုခဲ့တယ်” ဟု တရားခံရှေ့နေ နာခွန်ချွမ်ဖူချတ်က ကြားနာမှုမစခင် အေအက်ဖ်ပီကို ပြောကြားသည်။ “ဒီအမှုက မဖြစ်သင့်ဘူး” ဟုလည်း ၎င်းက ထပ်မံပြောကြားသည်။ Thammakaset ထံမှ သုံးသပ်ချက်ကိုမူ ချက်ခြင်းမရခဲ့ပေ။

ထိုင်းနိုင်ငံတွင် နိုင်ငံ၏ငါးဖမ်းသင်္ဘောများ၊ မွေးမြူရေးခြံများနှင့် စက်ရုံများတွင် ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်သည့် မကောင်းသတင်းကျော်ကြားမှုရှိသည်။ ယင်းလုပ်သားများကို ဒုတိယတန်းစားနိုင်ငံသားများအဖြစ်သာ သဘောထားနေသည်။ ရွှေ့ပြောင်းလုပ်သားအများအပြားမှာ အထောက်အထားမရှိသဖြင့် မသမာသော အလုပ်ရှင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူကုန်ကူးသူများ၏ အနိုင်ကျင့်မှုကို ခံရလေ့ရှိသည်။

ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမှ လုပ်သားများမှာ ထိုင်းရှိ ပြည်ပ ရွှေ့ပြောင်းလုပ်သားများထဲတွင် အရေအတွက် အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံ၏ ငါးဖမ်းသင်္ဘောများတွင် လူကုန်ကူးခံရသည့် လုပ်သားများနှင့် ကျွန်ကဲ့သို့ ခိုင်းစေခံရသော အခြေအနေများမှာ ကမ္ဘာတစ်ဝန်း သတင်းခေါင်းကြီးများအဖြစ်သို့ ရောက်ရှိခဲ့သော်လည်း ထိုင်း၏ ဒေါ်လာဘီလျံများစွာ တန်ကြေးရှိသည့် ကြက်မွေးမြူရေးကဏ္ဍမှာ အများအားဖြင့် စိစစ်မှုကို ရှောင်တိမ်းနေဆဲ ဖြစ်သည်။

ထိုင်းက ရွှေ့ပြောင်းလုပ်သားများကို အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်မပေးထားပေ။ တိုင်ကြားသူများမှာလည်း အလုပ်ဖြုတ်ခံရခြင်း၊ သို့မဟုတ် အသရေဖျက်မှုဥပဒေဖြင့် တရားစွဲခံရလေ့ ရှိသည်။ ကြီးမားသည့် စီးပွားရေး အကျိုးစီးပွားကြောင့် ဝေဖန်သူများကို အသံတိတ်စေရန် ယင်းဥပဒေကို လက်နက်တစ်ခုအဖြစ်လည်း အသုံးပြုလေ့ ရှိသည်။ လူ့အခွင့်အရေးအုပ်စုများက စွဲချက်များကို ရုပ်သိမ်းရန် Thammakaset ကို တိုက်တွန်းခဲ့ပြီး ထိုင်း၏ အသရေဖျက်မှု ဥပဒေကိုလည်း ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားကြသည်။

“ဒီလိုအမှုမျိုးတွေက ထိုင်းမှာ အတော့ကို အတွေ့ရများပါတယ်။ ဒါတွေဟာ သတိပေးဖော်ထုတ်သူတွေ၊ အမှန်ပြောသူတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချတဲ့အတွက် တန်ဘိုးကြီးကြီးပေးရတဲ့ ပြယုဂ်တစ်ခုပါ” ဟု လူ့အခွင့်အရေး အဖွဲ့ဖြစ်သည့် Fortify Rights မှ အေမီစမစ်က ပြောသည်။ ထိုင်းနိုင်ငံရှိ အလုပ်သမားပြဿနာများကို အစီရင်ခံနေသည့် ဖင်လန်ပြည်သူ့အခွင့်အရေးအုပ်စု Finnwatch ကလည်း အလုပ်သမားများမှာ ၎င်းတို့ခံစားရသည့် ဖိနှိပ်ခံရမှုများကို ဖွင့်ချသဖြင့် အပြစ်ပေးခံနေရသည်ဟု ပြောကြားသည်။

“ဒါကမှားနေတာသိသာပြီး ထိုင်းရဲ့ အသရေဖျက်မှုဥပဒေမှာ ပြဿနာ ကြီးကြီးမားမားတွေရှိနေတာကို ပြနေပါတယ်” ဟု Finnwatch ဒါရိုက်တာ ဆွန်ဂျာဗာတီယာလာက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar