ထိုင်းကုမ္ပဏီများက လူ့အခွင့်အရေးချိုးဖောက်နေဟု ကရင်လူထုက ထိုင်း လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသည့် ထိုင်းကုမ္ပဏီများက လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု ဌာနေ ကရင်တိုင်းရင်းသား ပြည်သူလူထုများ၏ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားလိုက်သည်။

ဒေသခံများ၏ တိုင်တန်းမှုအရ ဘန်ချောင်းကျောက်မီးသွေး သတ္တုတွင်းစီမံကိန်းကြောင့် လေနှင့် ရေထု ညစ်ညမ်းမှု၊ ဒေသခံများ၏ စားဝတ်နေရေး ထိခိုက်မှု၊ စိုက်ပျိုးမြေများ မတရားသိမ်းယူမှုများနှင့် အခြားသော ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့၏ ဇွန် ၁၉ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာ့တပ်မတော်တို့အကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဒဏ်ကို ခံစားနေရသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၁၆,၀၀၀ ကျော်နေထိုင်နေသော ဘန်ချောင်းဒေသကို ထိခိုက်မှုဖြစ်လာမည်ဟုလည်း ၎င်းတို့က ထင်ကြေးပေးထားကြသည်။

ယခုတောင်းဆိုမှုကို အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် တာကပေါလူငယ်အဖွဲ့နှင့် အားလုံးပါဝင်သော နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ (Inclusive Development International) တို့၏ အကူအညီဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွင်းဖွင့်စနစ်ဖြင့် တူးဖော်နေသည့် အဆိုပါကျောက်မီးသွေး တူးဖော်မှုတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီသုံးခုဖြစ်သည့် Energy Earth PCL၊ East Star Company နှင့် Thai Asset Mining Company တို့ ပါဝင်ပတ်သက်နေသည်။ မြန်မာနိုင်ငံအခြေစိုက် မေဖလားဝါးကုမ္ပဏီက မြေဧက ၂,၁၀၀ တွင် တူးဖော်လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းထိုင်းကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုများကို လာရောက်စစ်ဆေးပေးရန် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ထံ တောင်းဆိုထားခြင်းဖြစ်သည်။

“ထိုင်းကုမ္ပဏီများသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများကို အလေးဂရုမပြုပဲ ၎င်းတို့၏ အကျိုးစီးပွား ရရှိရေးအတွက်သာ အလုပ်လုပ်ကိုင်လျှက်ရှိသည်” ဟု တာကပေါလူငယ်အဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယနေ့အချိန်တွင် အစိုးရအနေဖြင့် ဘန်ချောင်းသတ္တုတွင်းလုပ်ငန်းစီမံကိန်းကို ပြန်လည်ဆန်းစစ်ပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည့်အချိန်ဖြစ်သလို ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း ထိုင်းကုမ္ပဏီများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို လာရောက်ဆန်းစစ်ပြီး စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မည်သည့် ထိခိုက်နစ်နာရမှုများအတွက်မဆို ပြန်လည်ပေးလျော်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုသည်ဟုလည်း ၎င်းတို့ကပြောကြားသည်။

တိုင်ကြားစာတွင် ဖော်ပြထားချက်များအရ ဘန်ချောင်းဒေသတွင်နေထိုင်သည့် ဒေသခံလူထုများသည် ကျန်းမာရေး၊ ပြည့်စုံလုံလောက်သော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် လူနေမှုဘဝ ရရှိခွင့်တို့အပါအဝင် မြောက်များစွာသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်ဟုဆိုသည်။ ကျောက်မီးသွေးတွင်းမှ ထွက်လာသော စွန့်ပစ်မြေစာများ လောင်ကျွမ်းသည့် အနံဆိုးများကြောင့် ဒေသခံများမှာ မူးဝေအော့အန်ခြင်း၊ ဖျားနာခြင်းများဖြစ်ပေါ်နေသလို သောက်သုံးရေ အရင်းအမြစ်များလည်း ညစ်ညမ်းသွားရသည်ဟု ဖော်ပြထားသည်။ မိုးရာသီတွင် ညစ်ညမ်းရေများက မြစ်ချောင်းများအတွင်း စီးဝင်သဖြင့် ငါးများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ သေကျေပျက်စီးစေသဖြင့် စားဝတ်နေရေးနှင့် လူမှုဘဝကို ထိခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

“ကျောက်မီးသွေးစီမံကိန်းတွေဆိုတာ လူ့အခွင့်အရေးအရ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု ရှုထောင့်တွေကနေကြည့်ရင် ထိခိုက်နိုင်ခြေအများဆုံး စီမံကိန်းတွေဖြစ်တယ်။ ဒီစီမံကိန်းကတော့ လူမဆန်တဲ့ ဆယ်စုနှစ်ချီပဋိပက္ခတွေကနေ အခုမှစပြီး ရုန်းထွက်ဖို့လုပ်နေတဲ့ ဒေသရဲ့ အလယ်တည့်တည့်မှာ လာလုပ်နေတာဖြစ်တယ်” ဟု အားလုံးပါဝင်သော နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့မှ ဥပဒေဆိုင်ရာ ညွှန်ကြားရေးမှူး Natalie Bugalski က ပြောကြားသည်။

“ကုမ္ပဏီတွေက ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို လေးစားလိုက်နာဖို့တွေကို လုံးဝကြီး ပျက်ကွက်ခဲ့တာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် တပ်မတော်တို့အကြား ၂၀၁၂ ခုနှစ်တွင် ယာယီ အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် စီမံကိန်းအတွက် ပြင်ပမှ အလုပ်သမားများနှင့် လက်နက်ကိုင်စစ်သားများ ရောက်ရှိလာမှုကြောင့် ဒေသခံများအနေဖြင့် မလုံခြုံမှုများကို ထပ်မံ ခံစားလာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစီမံကိန်းအား လုပ်ကိုင်ခွင့်ကို မေဖလားဝါကုမ္ပဏီက ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်တွင် ရရှိထားခြင်းဖြစ်ကာ ထိုင်းနိုင်ငံ၊ ရက်ချ်ဘူရီတွင် အခြေစိုက်သည့် East Star နှင့် ကန်ချနဘူရီတွင် အခြေစိုက်သည့် Thai Asset ကုမ္ပဏီတို့က သတ္တုတွင်းနှင့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည် ဖော်နေသည်ဟု ဖော်ပြထားသည်။ အဆိုပါသတ္တုတွင်းများအတွက် ငွေကြေးထောက်ပံ့ရန်နှင့် ကျောက်မီးသွေးများအား ဝယ်သူများထံ ဖြန့်ချိရေးအတွက် သဘောတူညီချက်ကို ဘန်ကောက်အခြေစိုက် ကော်ပိုရေးရှင်းကြီးဖြစ်သည့် Energy Earth နှင့် ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းကြောင့် ထိခိုက်ခံစားရသော ဒေသခံလူထုများ၏ ကိုယ်စားလှယ်များက အဆိုပါကုမ္ပဏီများနှင့် ညှိနှိုင်းနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ရလာဒ်မှာ အချည်းနှီးသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီကျောက်မီးသွေးပုံကြီး အမြဲတမ်း ဒီလိုပဲ မီးလောင်နေမှာကို ကျွန်တော်တို့ တကယ်ပဲ ကြောက်လှပါတယ်။ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဒီစီမံကိန်းကို လာရောက်စစ်ဆေးပြီး ထိုင်းကုမ္ပဏီတွေက မြန်မာနိုင်ငံက ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံမလုပ်စေဖို့ကို သေချာအောင် လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ကျေးရွာတစ်ခုမှ လူထုကိုယ်စားလှယ်တစ်ဦးက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ထိုင်းကုမ္ပဏီများက ပြည်ပနိုင်ငံများတွင် လုပ်ကိုင်ဆောင်ရွက်များကို လွတ်လပ်စွာမှတ်ပုံတင်ဖွဲ့စည်းထားသည့် ထိုင်းလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးလေ့ရှိသည်။ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးချိန်တွင် တွေ့ရှိချက်အသေးစိတ်ကို ပြည်သူလူထုထံ ထုတ်ပြန်လေ့ရှိသလို နစ်နာသူများကိုယ်စား ကျူးလွန်သည့် ကုမ္ပဏီများကို တရားစွဲဆိုနိုင်သည့် အခွင့်အာဏာကိုလည်း ကော်မရှင်က ရရှိထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.