ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့်လမ်းအတွက် ချေးငွေပေးရန် ထိုင်းက စဉ်းစားနေ

ရန်ကုန်

ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်း-မြန်မာနယ်စပ်သို့ ဆက်သွယ်သည် ကားလမ်းကို တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၂၈ သန်း ချေးငှားရန် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အတွက် ထိုင်းနိုင်ငံက စဉ်းစားနေသည်ဟု ဘန်ကောက်သတင်းစာတစ်စောင်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရေးသားထားသည်။

ယခုလအစောပိုင်းက ကျင်းပခဲ့သည့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ပူးတွဲကော်မတီအစည်းအဝေးတွင် ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီး Mr Arkhom Termpittayapaisith က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ယခုလ ၁၈ ရက်နေ့က ရေးသားထားသည်။

အဆိုပြုထားသည့် ၁၃၂ ကီလိုမီတာရှည်လျားသော နှစ်လမ်းမောင်းကားလမ်းသည် ထီးခီး-ဘန်နမ်ရွန် နယ်စပ်ဖြတ်ကျော်စခန်းမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ပေးမည်ဖြစ်သည်။

အဆိုပါလမ်းသည် အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးစီမံကိန်း၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်ဟု Arkhom က သတင်းစာကို ပြောကြားသည်။

မြန်မာနိုင်ငံ၏ ချေးငွေတောင်းဆိုမှုကို ထိုင်းနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက သုံးသပ်မည်ဖြစ်သည်။ ထို့နောက် လာမည့်လတွင် ကျင်းပမည့် စီမံခန့်ခွဲမှု ပူးတွဲကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို ကြေညာပေးမည်ဖြစ်သည်။

ထို့ပြင် အထူးစီးပွားရေးဇုန်အတွက် ဆိပ်ကမ်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် အချိန်သတ်မှတ်ချက်ကိုလည်း အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု မျှော်လင့်ထားသည်။ ၎င်းတို့ကို Italian-Thai Development Plc က တည်ဆောက်ခွင့် ရရှိထားသည်။

တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့၏ မြောက်ဘက်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံးဖြစ်လာမည့် အထူးစီးပွားရေးဇုန်ကြီးအား တည်ဆောက်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနှင့် မြန်မာတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ထိုအချိန်က စတင်ကာ နှောင့်နှေးမှုများစွာ ကြုံတွေ့ခဲ့ရသည်။

ရေနက်ဆိပ်ကမ်း၊ စက်မှုမြို့တော်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် ကားလမ်းနှင့် ရထားလမ်းများ တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် Italian-Thai Development Plc အား မြန်မာအစိုးရက နှစ် ၆၀ လုပ်ကိုင်ခွင့်ကို ၂၀၁၀ ပြည့်နှစ်က ပေးအပ်ခဲ့သည်။

ငွေကြေးအခက်အခဲကြောင့် ၂၀၁၃ ခုနှစ်တွင် Italian-Thai Development က သဘောတူညီချက်မှ ပြန်လည် ရုပ်သိမ်းသွားခဲ့သော်လည်း စီမံကိန်းတွင် ဆက်လက် စိတ်ဝင်စားမှု ရှိခဲ့သည်။

စီမံကိန်း၏ ကနဦးအဆင့်ကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ်တွင် Italian-Thai Development နှင့် ၎င်း၏ မိတ်ဖက်များအား  ၇၅ နှစ် ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများတွင် ၂၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် စက်မှုမြို့တော်နှင့် ဆက်စပ်နေသည့် အခြေခံအဆောက်အဦးများ တည်ဆောက်ရန်လည်း ပါဝင်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.