တံတားကိစ္စ ဆေးခါးကြီးသောက်ခဲ့သည့် NLD ချောင်းဆုံ၌ ရွေးကောက်ပွဲ အောင်နိုင်ရေး အားပိုထည့်မည်

နေပြည်တော်၊ မတ် ၁၆

သံလွင်မြစ်ကိုဖြတ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ဘီလူးကျွန်းမြို့နယ်တွေကို ဆက်သွယ်ထားတဲ့တံတားကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ပြည်သူ့လွှတ်တော်မှာ အဆိုတင်ပြီး “ဗိုလ်ချုပ်အောင်ဆန်းတံတား”လို့ အမည် သတ်မှတ်လိုက်တာဟာ နိုင်ငံရေးဆေးခါးကြီး သောက်လိုက်ခြင်းဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောလိုက်ပါတယ်။

“တံတားကိစ္စက အဲဒီအဆိုမတင်သွင်းခင် ကျွန်တော့ဆီလာတယ်။ ဒါနိုင်ငံရေး။ ကျွန်တော့် အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ နိုင်ငံရေးခရီးကြမ်းကြီးကို ဖြတ်သန်းခဲ့တာ။ သူများဝေဖန်တဲ့ကိစ္စကို ချက်ချင်းဟိုဟာမဖြစ်နဲ့။ ဆေးခါးကြီးကို သောက်လိုက်တော့လို့ ပြောမယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

နေပြည်တော်၊ လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်မှာ NLD ပါတီဝင်အမတ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ မတ် ၁၅ ရက်နေ့၊ ညနေပိုင်းမှာ တွေ့ဆုံအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သူက ပြောလိုက်တာဖြစ်ပါတယ်။

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ ဒီတွေ့ဆုံပွဲဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်ရာကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့် တံတားအမည်ပေးရေးကိစ္စမှာ ကန့်ကွက်နေကြတဲ့ ဒေသခံတွေပါဝင်တဲ့ ချောင်းဆုံမဲဆန္ဒနယ် အောင်နိုင်ရေးအတွက် ဘာများဆွေးနွေးကြပါသလဲလို့ Frontier က မေးမြန်းတဲ့အခါမှာတော့ “နီးစပ်ရာမြို့နယ်၊ တိုင်းတွေက ဝိုင်းကူပြီး နိုင်အောင်လုပ်ပါလို့၊ ဒီလိုပြောပါတယ်”လို့ ဒေါ်ခင်စန်းလှိုင်က ပြန်ဖြေပါတယ်။

တံတားကိစ္စဖြစ်ထားတဲ့အတွက် ချောင်းဆုံမြို့နယ်က မဲဆန္ဒရှင်တွေ အထင်အမြင်လွဲနေနိုင်တာကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သိရှိထားတယ်ဆိုတာကို သူ့ရဲ့ဖြေကြားချက်ကနေ သိရပါတယ်။

“တံတားကိစ္စကလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ကိစ္စဖြစ်တာမို့ လွှတ်တော်အနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရတဲ့ ကိစ္စဖြစ်တယ်။ တံတားအဆို အောင်မြင်သွားပြီးတဲ့နောက်မှာ ရွေးကောက်ပွဲမှာလည်း ချောင်းဆုံကနိုင်ရမယ်လို့ ဒီလိုပြောသွားတယ်”လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

မကြာမီ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့် ဦးအေးဝင်းကတော့ “တံတားကိစ္စ ဖြစ်ပြီးတဲ့အချိန်မှာတော့ အောင်နိုင်ရေးအတွက် ပိုပြီးတော့ အားစိုက်ရမှာပေ့ါ” လို့ Frontier ရဲ့မေးမြန်းမှုကို တယ်လီဖုန်းကတစ်ဆင့် ဖြေကြားပါတယ်။

အခြေခံဥပဒေဆိုင်ရာခုံရုံးမှာ ခန့်အပ်ခံရလို့ သွားရောက် တာဝန်ထမ်းဆောင်နေတဲ့ NLD အမတ် ဒေါ်ခင်ဌေးကြွယ်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ချောင်းဆုံမြို့နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက်ပါတီတွေကို ၄၄ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ အနိုင်ရထားတဲ့ မဲဆန္ဒနယ်တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း NLD အနိုင်ရထားတဲ့နေရာဖြစ်တဲ့အတွက် ကြားဖြတ်မှာ ဆက်လက်အောင်ပွဲခံနိုင်ရေး အစွမ်းကုန်ကြိုးစားနေတယ်လို့ ဓာတုဗေဒနဲ့ အထူးပြုဘွဲရထားတဲ့ အသက် ၅၀ အရွယ် ဦးအေးဝင်းက ပြောပါတယ်။

“မွန်နှစ်ပါတီရော၊ ပြည်ခိုင်ဖြိုးရောက၊ မြောက်ပိုင်းသားအမတ်လောင်းတွေ၊ အခုယှဉ်ပြိုင်မှာက တစ်ကျွန်းလုံးနဲ့ ဆိုင်တော့ တောင်ပိုင်းမှာ ကျွန်တော်က မဲအပြတ်ရမယ်။ မြောက်ပိုင်းမှာ သုံးပုံတစ်ပုံလောက်ရရင် အခြေအနေ ကောင်းတယ်”လို့ သူက ခန့်မှန်းထားပါတယ်။

ဦးအေးဝင်းရဲ့အဆိုအရ စုစုပေါင်း ကျေးရွာအုပ်စု ၄၆ ခုရှိတဲ့ ချောင်းဆုံမဲဆန္ဒနယ်ရဲ့ တောင်ပိုင်း ၂၈ ရွာမှာ ဗမာလူမျိုးတွေ ရောနှောနေထိုင်ကြပြီး မြောက်ပိုင်းမှာတော့ မွန်လူမျိုးအများစုဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တောင်ပိုင်း မဲဆန္ဒနယ်တွေဟာ မွန်-ဗမာ သွေးနှောတဲ့ သူ့အတွက် အခြေအနေ ကောင်းလိမ့်မယ်လို့ ဦးအေးဝင်းက ယုံကြည်ထားတာပါ။

“မဲဆွယ်လို့မရနိုင်တဲ့ ကျေးရွာအချို့ကို ချန်လှပ်ပြီး သေချာပေါက် ထောက်ခံမယ့် ကျေးရွာတွေ၊ မဲယိမ်းနိုင်မယ့်ရွာ တွေကို အားထည့် မဲဆွယ်ဖို့ စီစဉ်ထားတယ်”လို့လည်း ဦးအေးဝင်းကပြောပါတယ်။

NLD ဗဟိုကလည်း မဲဆွယ် စည်းရုံးရေးသင်တန်းပို့ချတာတွေ၊ လမ်းညွှန်ချက်တွေ ပေးနေပြီး ပြည်နယ်အတွင်းရှိ NLD အမတ်တွေကလည်း အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနေကြသလို ပန်းရဲ့လမ်းဂီတအဖွဲ့ကလည်း ကူညီ မဲဆွယ်ပေးဖို့ရှိတယ်လို့ သူကဆိုတယ်။

ရွေးကောက်ပွဲကော်မရှင်က ကောက်ခံထားတဲ့ မဲစာရင်းအရ အဲဒီမဲဆန္ဒနယ်မှာ မဲဆန္ဒရှင် တစ်သိန်းနှစ်သောင်း ကျော်ရှိပြီး NLD ပါတီဝင်ဦးရေကတော့ ၂၀၁၅ ခုနှစ်စာရင်းအရ ၇,၀၀၀ လောက်ရှိတယ်လို့ ဦးအေးဝင်းရဲ့ ပြောဆိုချက်အရ သိရတယ်။

၁၉၈၉ ခုနှစ်ကတည်းက မွန်ပြည်နယ် NLD လူငယ်အဖြစ် ပါတီလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ ဦးအေးဝင်းက “နိုင်မှဖြစ်မယ်၊ နိုင်မှ အရေးအရာတွေကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းလို့ရမယ်။ ဒါကြောင့်ပြိုင်ရင် နိုင်ရမယ်။ နိုင်အောင်ပဲပြိုင်မှာ”လို့ Frontier ကိုပြောပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ကလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar