ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်မှူးရုံးတွင် ယနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားခဲ့သည်။
ရှစ်ရက်အတွင်း ရန်ကုန်မြို့တွင် တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲများသည် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အိမ်သာတွင်းတွင် သုံးကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အမှိုက်ပုံးအတွင်း တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့သည်ဟု ၎င်းကပြောသည်။ ထို့နောက် အိပ်သာတွင်းတွင် ထပ်မံတွေ့ရှိရသည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းတစ်ခုကို ရဲတပ်ဖွဲ့က ထပ်မံဖောက်ခွဲ ဖျက်စီးခဲ့သည်ဟုဆိုသည်။
အဆိုပါ ပေါက်ကွဲမှုများမှာ ယခင်ရက်များက ဈေးဝယ်စင်တာများတွင် ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုများနှင့် ဖြစ်စဉ်နှင့် အသုံးပြုသည့် ပစ္စည်းများ တူညီမှုရှိမရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးတပ်ဖွဲ့မှ ရဲမှူးအုန်းခိုင်က Frontier ကို ပြောကြားသည်။
15211557_1234607806615826_760679091_n.jpg
title=
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ Ocean Super Centre နှင့် နိုဝင်ဘာ ၂၀ ရက်နေ့တို့က ဒေါပုံမြို့နယ်ရှိ Capital Hypermarket တို့တွင်လည်း အသေးစား ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ ပေါက်ကွဲမှုများမှာ M150 ပုလင်းထဲတွင် အမိုနီယမ်နိုက်ထရိုက်နှင့် ဆာလဖိတ်အား ထည့်သွင်းကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးမှုများအရ သိရသည်။ အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။
ယနေ့ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာသည့် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကလည်း ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး Frontier ၏ မေးမြန်းမှုကို “ဘာမှ ပြောစရာမရှိပါဘူး”ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွေးက ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေဆဲဖြစ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအစီအစဉ်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်နေသည်ဟု ပြောကြားသည်။
သတင်း-ဟိန်းကိုစိုး