တောင်ဒဂုံရှိ ကစားကွင်းနေရာ ရပ်ကွက်နှင့် လုပ်ငန်းရှင်အကြား အငြင်းပွားနေ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ မြေကွက်လပ်နေရာတစ်ခုအား လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူလိုက်ရာ ရပ်ကွက်နေပြည်သူများက ထိုနေရာမှာ ရပ်ကွက်ပိုင် ကစားကွင်းနေရာဖြစ်သဖြင့် တစ်ဦးတည်း တစ်ယောက်တည်းက စိတ်ကြိုက်ဝယ်ယူ အသုံးပြုခွင့်မပေးနိုင်ကြောင်း ကန့်ကွက်ရာမှ အငြင်းပွားမှု ဖြစ်ပွားနေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်သူများကိုယ်စား ဦးဆောင်ကန့်ကွက်သူအချို့က စက်တင်ဘာ ၇ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းဌာနများအား ပြောကြားခဲ့ကြသည်။

အငြင်းပွားနေသောမြေနေရာသည် ၁ ဒသမ ၇၁ ဧကကျယ်ဝန်းပြီး ၂၆ ရပ်ကွက်၏ အလယ်တွင် တည် ရှိသည့် မြေကွက်လပ်ကြီးဖြစ်သည်ဟု ၎င်းတို့အဆိုအရ သိရသည်။

“ဒီနေရာက ကျွန်တော်တို့ ရပ်ကွက်ရဲ့ အသည်းနှလုံးလို နေရာမျိုးပါ” ဟု ကန့်ကွက်သူများ၏ ခေါင်းဆောင် ဦးကျော်စွာသိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ကျွန်တော်တို့ ရပ်ကွက်သားတွေက မချမ်းသာကြလို့ ဘောလုံးကွင်းရယ်လို့ သေသေချာချာ မွမ်းမံမထားပေမဲ့ အဲဒီနေရာမှာပဲ ရပ်ကွက်ထဲက ကလေးတွေ၊ လူငယ်တွေ ကစားနေကြတာပါ”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ယင်းနေရာကို ဝယ်ယူလိုက်သူမှာ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းတွင် နေထိုင်သည့် ဦးအောင်ကျော်သူဆိုသူဖြစ်ပြီး ရပ်ကွက်သားများအား ၎င်း၏ကိုယ်စားလှယ်က ပြောကြားချက်အရ အဆိုပါ နေရာတွင် အထပ်မြင့်အဆောက်အဦး ဆောက်လုပ်ရန် လျာထားသည်ဟု ဦးကျော်စွာသိန်းက ပြောကြားသည်။

“ကလေးတွေမှာ ဘောလုံးကန်စရာ၊ ကစားစရာနေရာမရှိရင် လမ်းပေါ်ထွက်ပြီး ကစားကြရမယ်။ အဲဒီအခါ ကားတိုက်တာတွေဘာတွေ အန္တရာယ် အလွန်ရှိပါတယ်။ အခုကန့်ကွက်နေတာက ကျွန်တော်တို့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားမပါပါဘူး။ နောက်လူငယ်တွေအတွက်သာ ပြောနေတာပါ” ဟု ယင်းရပ်ကွက်တွင် ၂၂ နှစ်ကြာနေထိုင်ခဲ့သော ဦးစိုးလှိုင်က သတင်းထောက်များကို ပြောသည်။

ကန့်ကွက်ကြောင်းအရေးဆိုမှုအား ဦးဆောင်ပါဝင်သူလည်းဖြစ်သည့် ၎င်းသည် ယင်းရပ်ကွက်၏ ဥက္ကဌဟောင်းလဲဖြစ်သလို ရပ်ကွက်နာရေးကူညီရေးကူညီမှုအသင်း၏ လက်ရှိ ဥက္ကဌလည်း ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ ရပ်ကွက်သား ၆၀၀ ခန့်က လက်မှတ်ထိုးပြီး ပြီးခဲ့သော မတ်လကတည်းက စာဖြင့်တင်ပြ တိုင်တန်းထားသလို၊ မတ်လနှောင်းပိုင်းတွင်လည်း လူ ၂၀၀ က တာမွေရှိဟစ်တိုင်တွင် ဆန္ဒပြခဲ့သေးသည်။

တိုင်းဒေသကြီးလွှတ်တော်က ဖွဲ့စည်းပေးထားသော လှုမှုရေး စီမံခန့်ခွဲကော်မတီက တိုင်စာ ရရှိသည့်အတွက် မေလအတွင်း နှစ်ကြိမ်တိုင် လာရောက်စစ်ဆေးထားပြီးဖြစ်သော်လည်း ရလဒ်မှာမူ ထွက်မလာသေးပေ။

အခြားတစ်ဖက်တွင်မူ ဝယ်ယူလိုက်သည့် လုပ်ငန်းရှင် ဦးအောင်ကျော်သူ၏ အမည်ပေါက်ဂရန်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လကတည်းက ပေးအပ်လိုက်ပြီးဖြစ်သလို၊ မြေနေရာအား လာရောက်တိုင်းတာ ခြင်း၊ ခြံစည်းရိုးခတ်ရန် ကြိုးစားခြင်းများရှိနေသည်ဟု ဆိုသည်။

ခြံစည်းရိုးခတ်ရန်ကြိုးစားတိုင်း ရပ်ကွက်သားများဘက်က တားဆီးနေကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုအချိန်ထိ ဆုံးဖြတ်ချက်ရေရာစွာ မချသေးသည့်အပေါ် ၎င်းတို့က စိုးရိမ်လာသဖြင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လှုမှုရေးစီမံခန့်ခွဲကော်မတီ၏ အတွင်းရေးမှူးဖြစ်ပြီး တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ၎င်းတို့ ကွင်းဆင်းစစ်ဆေးချက်များအား တိုင်းလွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း Frontier ကိုပြောသည်။ “ကျွန်တော်တို့ဘက်ကတော့ ရပ်ကွက်ထဲက သူတွေပြောတဲ့အတိုင်း၊ အုပ်ချုပ်ရေးပိုင်းကသူတွေ ပြောတဲ့အတိုင်း တင်ပြထားပါတယ်။ ဆုံးဖြတ်ချက်ကတော့ တိုင်းအစိုးရက ချမှတ်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ရပ်ကွက်၏ လက်ရှိအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်မြင့်ကမူ ယင်းမြေနေရာအား ၁၉၉၃ ခုနှစ်တွင် ရပ်ကွက် စတင်တည်ထောင်စဉ်က မြေကွက်လပ်အဖြစ်ထားရန်၊ အားကစားကွင်းအဖြစ် သတ်မှတ်ရန် အာဏာပိုင်များက သတ်မှတ်ခဲ့သော်လည်း၊ ရပ်ကွက်မြေနေရာသည်ပင် လယ်သမားများထံမှ အစိုးရက သိမ်းဆည်းခဲ့ခြင်းဖြစ်သဖြင့် မူလပိုင်ရှင်မှာ လယ်သမားများ ဖြစ်နေကြောင်း၊ ယခုဝယ်ယူသူမှာလည်း လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ကြောင်း ပြောသည်။

“လယ်သမားတွေမှာလည်း အထောက်အထား ရှိကြတယ်။ ဒါကြောင့်လဲ ဟိုကဝယ်တာပေါ့။ ဒါပေမယ့် ရပ်ကွက်သားတွေကလည်း ကစားကွင်းနေရာဆိုတော့ မပေးချင်ဘူးဖြစ်နေတာ”ဟု ၎င်းက Frontier ကိုပြောသည်။

ရပ်ကွက်သားများကမူ ရပ်ကွက် စတင်တည်ထောင်စဉ်က မြေပုံစာရွက်ကြီးအား ပြသကာ ထိုနေရာသည် နဂိုမူလကတည်းက ကစားကွင်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ အဆိုအရ တောင်ဒဂုံမြို့နယ်တွင် ထိုကဲ့သို့သော အများပိုင်နေရာများအား လုပ်ငန်းရှင်များက လိုက်လံဝယ်ယူမှု အများအပြားဖြစ်ပွားနေသည်ဟု သိရသည်။

“ဘောလုံးကွင်းတွေ၊ ပန်းဥယျာဉ်နေရာတွေကို လိုက်ဝယ်တယ်။ ခြံခတ်တယ်။ ဒါကြောင့် အခုတိုင်ထား တာတွေ အများကြီးပဲ။ တစ်ယောက်ဆို လမ်းမကြီးကိုတောင်ဝယ်ပြီး ခြံခတ်ထားတယ်ဗျာ”ဟု ၎င်းက ပြောကြားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.