တိုင်းဥပဒေချုပ်အပါအဝင် ခြောက်ဦးအား သိန်း ၇၀၀ ကျော် လာဘ်စားမှုဖြင့် အရေးယူ

UPDATED:

ရဲမွန်

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုအား ကျပ်သိန်း ၇၂၀ ကျော် လာဘ်ယူကာ အမှုရုပ်သိမ်းပေးခဲ့သည့် တိုင်းဒေသကြီး ဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိများ၊ တရားသူကြီးတစ်ဦးနှင့် ရဲအုပ်တစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူလိုက်ပြီဖြစ်သည်။

အရေးယူခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး)ရဲအုပ်ချစ်ကိုကိုတို့ဖြစ်သည်။

ထိုအမှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုသည့် ကိစ္စတွင် တရားလိုပြ သက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြ သက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေ ဖြစ်ပေါ်အောင်ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒေါ်သစ်သစ်ခင်၏ တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာ စိစစ်ခြင်း မပြုဘဲ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုး လက်ဆောင်များ ရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်မှ စတင်၍ အဆင့်ဆင့် စိစစ်တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ် ဆုံးဖြတ်မိန့် ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာတွင် တရားခံ သန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆အရလည်းကောင်း၊ အမှုစစ်အဖြစ် ဆောင်ရွက်ရာ၌ ရဲလုပ်ငန်း ကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပီး တစ်စုံတစ်ရာကို ပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် ရဲအုပ်ချစ်ကိုကို အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း အရေးယူ ဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် စက်တင်ဘာ ၁၃ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လူမှုကွန်ရက်ပေါ်တွင် ဟာသဗီဒီယိုများဖြင့် လူသိများလာသူ အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ညက ရန်ကုန် The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူးပွဲ၌ ရန်ပွဲတစ်ခုတွင် ရရှိခဲ့သည့် ဒဏ်ရာဖြင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့သည်။ ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ် ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြပြီးနောက် အမှုရင်ဆိုင်ခဲ့ကြရသည်။

ထို့နောက် အမှုအား စစ်ဆေးနေစဉ် ဇူလိုင် ၂၅ ရက်နေ့တွင် အမှုအား ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုလိုက်သည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဖမ်းဆီးအမှုရင်ဆိုင်နေရသူ သုံးဦးအား လွှတ်ပေးခဲ့သည်။

ထိုသို့ လွှတ်ပေးမှုကြောင့် လူမှုကွန်ယက်ပေါ်တွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပြီးနောက် အမှုအား ပြန်လည်စစ်ဆေးနိုင်ရေး ဆောင်ရွက်ရန် သမ္မတက ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ညွှန်ကြားပြီး အမှုအား ပြန်လည်သုံးသပ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အမှုအား ရုပ်သိမ်းရေးအတွက် တာဝန်ရှိသူများက လာဘ်ငွေများ ရယူခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲသည့်အတွက် ကျော်ဇောမှုဟု သတ်မှတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့ ဒီကိစ္စကို ၈ လပိုင်း (သြဂုတ်လ) ၂ ရက်နေ့ကတည်းက စတင် စစ်ဆေးတာပါ။ လာဘ်ပေး လာဘ်ယူမှာ ပေးတဲ့လူကိုပါ အရေးယူလို့ ရပါတယ်။ ဒါပေမယ့် အမှုကို ပိုခိုင်မာအောင်လို့ ပေးတဲ့လူကို ကျွန်တော်တို့ တရားလိုပြသက်သေအဖြစ် တင်သွင်းဖို့လုပ်ထားပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက Frontier ကို ပြောကြားသည်။

စစ်ဆေးချက်များအရ ဦးဟန်ထူးက ကျပ်သိန်း ၁၅၀ နှင့် ဂျော်နီဝါးကား ဘလူးလေဘယ် အရက်တစ်ပုလင်းနှင့် အကျီတစ်ထည်၊ ဦးသိန်းဇော်က ကျပ်သိန်း ၅၀၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀ နှင့် Gold Label အရက်တစ်ပုလင်း၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ်တစ်ထည်၊ တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ နှင့် ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀ ရယူခဲ့သည်ဟု ဦးကျော်စိုးက ပြောကြားသည်။

၎င်းတို့အား ဖမ်းဆီးထားပြီးဖြစ်ကြောင်း သင်္ကန်းကျွန်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲမှူးကိုကိုဦးက Frontier ကို ပြောကြားသည်။

ဥပဒေချုပ် ဦးဟန်ထူးသည် စက်တင်ဘာ ၁၃ ရက်နေ့က နံနက်ပိုင်းက ရန်ကုန်မြို့၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သေးသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar