တိုင်းရင်းသားအဖွဲ့အားလုံး NCA တွင် ပါဝင်လာအောင် ကြိုးပမ်းရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို နေပြည်တော်၌ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၈ ရက်တွင် အတည်ပြုခဲ့သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် (NCA)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးလာအောင် ဆောင်ရွက်သွားရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းခဲ့ကြသည်။

“လက်မှတ်ရေးထိုးသော လက်နက်ကိုင်အဖွဲ့အစည်းများသည် မတရားအသင်း သတ်မှတ်ခံထားခြင်းမှ လွတ်ကင်းသွားပြီး လက်မှတ်မရေးထိုးသော အဖွဲ့များသည် မတရားအသင်းများအဖြစ် ဆက်လက် တည်ရှိ နေပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြားမှာ လက်မှတ်ထိုးသူနဲ့မထိုးသူ၊ မတရားအသင်း သတ်မှတ်ခံရသူနှင့် မခံရသူဆိုပြီး စိတ်ဝမ်းကွဲမှုများ ပေါ်လာနိုင်သည်ကို အထူးဂရုပြုဖို့ အကြံပြုလိုပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က အဆိုပါစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်က ဆွေးနွေးစဉ် ပြောကြားသည်။

“ပြောင်းလဲရန်အတွက် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းဖို့ကြိုးပမ်းနေတဲ့ ယနေ့ကာလအတွင်းမှာ အချိန်ဇယားကို ဘောင်ခတ်ပြီး ရက်ပေါင်း ၆၀ ၊ ရက်ပေါင်း ၉၀ သတ်မှတ်၍ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် မသင့်လို့ ယူဆပါတယ်” ဟုလည်း ၎င်းကပြောသည်။

NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ပါဝင်သင့် ပါဝင်ထိုက်သူများနှင့်အတူ ရက်ပေါင်း ၆၀ အတွင်း ပူးတွဲရေးသား ဖော်ဆောင်ခြင်း၊ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို စတင်လုပ်ဆောင်ရန် လိုအပ်ခြင်း စသည့် အချိန်ဇယားများ ချမှတ်ထားသည်။

စာချုပ်တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော အဖွဲ့အစည်းကြီးများ ရှိသလို ဖိတ်ကြားမခံရသော အဖွဲ့များ ရှိနေခြင်းမှာလည်း Nationwide ဟူသော စကားရပ်နှင့် မကိုက်ညီသဖြင့် ကျန်နေသော လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးလာသည့် All inclusive ဖြစ်လာအောင် မလွဲမသွေ ကြိုးပမ်းကြရဦးမည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အနာဂတ် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လူထုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားမည်ဟု အတိအလင်း ကြေညာထားသော်လည်း စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမှု မရှိသေးခြင်းမှာ Nationwide ဟူသည့် စကားနှင့် မကိုက်ညီခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက ဆွေးနွေးခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့NCA ကို ပါဝင် လက်မှတ်မထိုးခဲ့ပါဘူး၊ Nationwide ဆိုတဲ့ စကားနဲ့ မကိုက်ညီလို့ပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုးလိုက်ခြင်းဖြင့် လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့၊ မထိုးတဲ့အဖွဲ့တွေကြားမှာ နားလည်မှု လွဲသွားစေနိုင်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် စိုးရိမ်မှုအရှိဆုံး အချက်ကတော့ လက်မှတ်ထိုးတဲ့အဖွဲ့များကို တရားဝင် အသိအမှတ်ပြုပြီး မထိုးတဲ့အဖွဲ့များကို ပိုမိုဖိအားပေး တိုက်ခိုက်မယ့် အရေးပဲ ဖြစ်ပါတယ်။ အခုလောလောဆယ် ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် မိုးညှင်းဒေသနဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးကျေးသီးဒေသတွေမှာ လက်နက်ကြီးများသုံး၍ တိုက်ခိုက်နေတဲ့အပြင် တိုက်လေယာဉ်များသုံးပြီး တိုက်ပွဲတွေ ဖြစ်နေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ထားတဲ့အတိုင်း ဖြစ်လာတယ်ဆိုတဲ့ သာဓက တစ်ရပ်ပါပဲ” ဟု ၎င်းကပြောသည်။

စာချုပ်တွင် လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အရေအတွက် နည်းနေပြီး လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်း များနေသည်မှာ ယုံကြည်မှု မရှိကြသောကြောင့် ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“ငြိမ်းချမ်းရေး ရချင်ရင် ပွင့်လင်းဖို့ လိုတယ်။ အခုတော့ တစ်ဘက်နဲ့တစ်ဘက် ပါးပါးလေး လုပ်နေကြတာကို အားလုံးသိပါတယ်။ နံပါတ်နှစ် အနေနဲ့ရိုးသားဖြောင့်မတ်ဖို့ လိုပါတယ်။ ဒီ နှစ်ချက်အပေါ် မူတည်ပြီးတော့မှ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရမှာ ဖြစ်ပါတယ်။ အခု ယုံကြည်မှု မရရှိတဲ့အတွက် အများစုက လက်မှတ်မထိုးနိုင်တာ ဖြစ်နေတယ်လို့ယူဆပါတယ်” ဟု ၎င်းက ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်မှတ်ထိုးရန် ကျန်ရှိသည့်အဖွဲ့များနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။

“All inclusive ကိစ္စနဲ့ပတ်သက်ပြီး တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးစကား စတင်ပြောဆိုစဉ်က ၁၆ ဖွဲ့နဲ့သာ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ၂၁ ဖွဲ့ တင်ပြပြီး နောက်ထပ်အဖွဲ့ငါးဖွဲ့ ထပ်တိုးလာပါတယ်။ အစိုးရထံသို့လည်း အခြားအဖွဲ့ပေါင်းစုံက ငြိမ်းချမ်းရေး စကားပြောလိုကြောင်း၊ NCA စာချုပ်ကို လက်မှတ်ရေးထိုးလိုကြောင်း တင်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့အနေဖြင့် ၁၆ ဖွဲ့နှင့် ပထမအဆင့် ဆောင်ရွက်ပြီး အခြေခံကောင်းများ ရရှိလာပါက ကျန်ရှိသည့် အဖွဲ့များနှင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ကျန်အဖွဲ့များနှင့်လည်း လမ်းကြောင်း ဖွင့်လှစ်ထားကြောင်း တင်ပြအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“Time line ကိစ္စနှင့် ပတ်သက်ပြီး တင်ပြရရင် NCA တွင်ပါဝင်သော ရက်ပေါင်း ၆၀- ၉၀ ကန့်သတ်ချက်များသည် ပြီးစီးအောင်ဆောင်ရွက်ရန်အတွက် မဟုတ်ပါ။ စတင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားခြင်းသာ ဖြစ်ပါတယ်။ NCA စတင် ညှိနှိုင်းခဲ့စဉ်ကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လိုလားချက်အရ NCA လက်မှတ်ရေးထိုးမှု ပြီးလျှင်ပြီးချင်း စတင်လုပ်ဆောင်စေလိုသည့်အတွက် အစိုးရအနေဖြင့် လိုက်လျော ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် NCA တွင် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေးအတွက် အခြေအနေကောင်းများရှိနေသည်ဟုလည်း ဦးအောင်မင်းက ပန်ဖိုင်း အစည်းအဝေး ကြေညာချက်ကို ရည်ညွှန်းပြောကြားခဲ့သည်။

“၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၊ ၂၊ ၃ ရက်က ပန်ဆိုင်းမှာ လုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အစည်းအဝေးသို့NCA မှာ လက်မှတ်မထိုးသေးတဲ့၊ ရေးထိုးခွင့် မရသေးတဲ့ အဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးက ထုတ်ပြန်သည့် ကြေညာချက် အပိုဒ် ၃ မှာ အထွေထွေရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို အမြန်ဖော်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ဖော်ပြထားပါတယ်။ ပန်ဆိုင်းကြေညာချက်အရ နောင်တက်လာမည့် အစိုးရအနေဖြင့် ယခုထက်ပိုပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

NCA အရ ထပ်မံ ဖွဲ့စည်း သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကိုသာ ထည့်သွင်းထားခြင်းကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကန်ပက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြေကြားခဲ့သည်။

“နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေကို ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ဆက်လက် တာဝန်ယူသွားရမည်ဖြစ်ရာ NLD ပါတီမှ အမတ်နှစ်ဦးတည်းသာ ပါဝင်စေမှုဟာ လျော်ကန် သင့်မြတ်မှု ရှိမရှိ ပြန်လည် သုံးသပ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် NCA စာချုပ်ပါ ရက်ပေါင်း ၆၀၊ ရက်ပေါင်း ၉၀ စသည့် ကာလ သတ်မှတ်ချက်များသည် တင်းကျပ်သည့် အနေအထားဖြစ်သောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်တာဝန်ယူသွားရမည့် နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည် ညှိနှိုင်းသင့်သည်ဟုလည်း ၎င်းက အကြံပြုခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar