တိုင်းရင်းသားအဖွဲ့နှစ်ခုအား မတရားအသင်းမှ ပယ်ဖျက်၊ အကြမ်းဖက်မဟုတ်ကြောင်း ကြေညာ

တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဟု မကြာမီက ကြေညာခဲ့သော မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား အစိုးရက မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးလိုက်ပြီး အကြမ်းဖက်သူများမဟုတ်ကြောင်းလည်း ကြေညာလိုက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်မှတ်ရေးထိုးကာ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာနှစ်ခုဖြင့် ထိုကဲ့သို့ ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

၎င်းအဖွဲ့နှစ်ဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်နေ့က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက် NCA တွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုနှင့် အစိုးရတို့အကြား NCA လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသွားရန် စီစဉ်ထားသည်။

၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိပြီးနောက်ပိုင်း NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပထမဆုံး လျှောက်လှမ်းလာသည့် အဖွဲ့များ ဖြစ်ကြသည်ဟု လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

“NCA လက်မှတ် မရေးထိုးရသေးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းနေတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်” ဟု ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပခဲ့သည့် ထိုအစည်းအဝေးတွင် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုလက်မှတ်ရေးထိုးပွဲသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံး ကျင်းပမည့်ပွဲလည်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar