တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ခုကို Facebook က ပိတ်ပင်

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအချို့အား ပိတ်ပင်လိုက်သည်ဟု Facebook က ယနေ့ ကြေညာလိုက်ပြီး ထိုသို့ ပြုလုပ်ရခြင်းမှာ ၎င်းတို့၏ မူဝါဒနှင့် ငြိစွန်းနေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook က ပြောကြားသည်။

ထိုသို့ နောက်ဆုံး ပိတ်ပင်မှုတွင် မြန်မာနိုင်ငံရှိ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲမှ လေးဖွဲ့ပါဝင်လာသည်ကို တွေ့ရသည်။

“ကျွန်ုပ်တို့၏ မူဝါဒနှင့် ငြိစွန်းနေသောအဖွဲ့အစည်းများဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စသည့် အဖွဲ့အစည်းများကိုပါ ထပ်မံ၍ ပိတ်ပင်ထားပါသည်”ဟု Facebook ၏ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိုလက်နက်ကိုင်အဖွဲ့အစည်းများကို Facebook မှ ပိတ်ပင်ခဲ့ပြီး သက်ဆိုင်သော အားပေးမှုများ၊ ထောက်ခံမှုများနှင့် ကိုယ်စားပြုခြင်းများကို သိသိချင်းဖယ်ရှားမည် ဖြစ်သည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော်အရာရှိကြီးများ၊ ဦးဝီရသူနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူအချို့အပါအဝင် အမုန်းပွားစေသည့် Facebook အကောင့်များနှင့် စာမျက်နှာ ရာနှင့်ချီကာ ပိတ်ပင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ပင်မှုများ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“လွန်ခဲ့သောနှစ်တွင် ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ Facebook ပေါ်မှ မကောင်းမှုဆောင်ရွက်သူများနှင့် မကောင်းသော အ‌ကြောင်းအရာများကို ဆက်တိုက်အရေးယူခဲ့ကြပြီးဖြစ်သည်” ဟု Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော တိုင်းရင်းသားအကြမ်းဖက်မှုများသည် ကြောက်မက်ဖွယ်ဖြစ်ပြီး ကျွန်တော်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို မုန်းတီးမှုဖြန့်နှံ့ခြင်း၊ အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်း၊ သို့မဟုတ် နယ်ပယ် အသီးသီးတွင် အခြေအနေများ တင်းမာလာအောင် ဆောင်ရွက်ခြင်းများအတွက် အသုံးမပြုစေလိုပါ” ဟုလည်း ဆက်လက်ဖော်ပြထားသည်။

၎င်းတို့၏ ဝန်ဆောင်မှုအား အသုံးပြုကာ “မကောင်းမှုဆောင်ရွက်သူများ” အား ဆက်လက်ဖော်ထုတ်ဖယ်ရှားမည်ဟုလည်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အလိုက် လှုပ်ရှားဆောင်ရွက်သူများအပေါ် စုံစမ်းစစ်ဆေးရန်နှင့် လုံလောက်သော သက်သေအထောက်အထားရှိသည့်အခါ အရေးယူခြင်းများ ပါဝင်ပါသည်” ဟု Facebook က ပြောကြားသည်။

“ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်‌ယောက်ကိုမှ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ အားပေးခြင်းများဆောင်ရွက်ရန် အလို့ငှာ Facebook အားအသုံးမပြုစေလို၍၊ နိုင်ငံတော်အဖွဲ့အစည်းများ၊ ပြင်ပအဖွဲ့အစည်းများကို ဆန်းစစ်လေ့လာမှုများကို ပြုလုပ်ကာ တစ်ဦးတစ်‌‌ယောက်ဖြစ်စေ အဖွဲ့အစည်းနှင့်ဖြစ်စေ အကြမ်းဖက်မှု၌ လှုံ့ဆော်ပါဝင်ခြင်းကို တားဆီးပိတ်ပင်ပါသည်” ဟု ဆက်လက်ပြောကြားထားသည်။

Facebook အနေဖြင့် ၎င်း၏ ထိခိုက်နေသည့် ဂုဏ်သိက္ခာအား ပြန်လည်အဖတ်ဆယ်ရန်အတွက် ကြိုးစားနေရာ အမုန်းစကားများ ဖယ်ရှားမှုကို အရှိန်မြှင့်တင်လာနေသလို မြန်မာဘာသာဖြင့် ရေးသားမှုများကို စစ်ဆေးမည့် မြန်မာဘာသာ တတ်ကျွမ်းသူဝန်ထမ်းအရေအတွက်ကို ၂၀၁၈ ခုနှစ်အကုန်တွင် ၁၀၀ ဦးအထိ တိုးမြှင့်ရန် ကတိပြုထားသည်။

သို့သော် ဝေဖန်သူများကမူ ဘာသာစကားမျိုးစုံရှိနေသည့် မြန်မာနိုင်ငံမှ Facebook အကောင့် သန်း ၂၀ ကျော်အား ကွပ်ကဲရန်အတွက် ထိုဆောင်ရွက်မှုများဖြင့် မလုံလောက်ဟု ပြောကြားကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.