တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာ မပါဝင်သည့် သမိုင်းကို ရေးသားပြုစုရန် အစိုးရ စီစဉ်နေ

မြန်မာ့သမိုင်း၌ တိုင်းရင်းသားလူမျိုးနှင့် မျိုးနွယ်စုများတွင် ရိုဟင်ဂျာ စကားလုံးနှင့် အသုံးအနှုန်းကို မည်သည့်အချိန်ကာလကမျှ မရှိခဲ့သည့် ဖြစ်ရပ်မှန်များကို သမိုင်းပညာရှင်များက ရေးသားပြုစုသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ရေးသားပြုစုရာတွင် ရှေးမြန်မာ့သမိုင်းရာဇဝင်၊ ခေတ်အဆက်ဆက် ရေးသားပြုစုခဲ့သည့် သမိုင်း မှတ်တမ်းစာအုပ်များ၊ အခြား အထောက်အထား အကိုးအကားများဖြင့် ပြည့်ပြည့်စုံစုံ ရေးသားပြုစုသွားမည်ဖြစ်ကာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြ အတည်ပြုချက် ရယူသွားမည် ဖြစ်သည်ဟု ဒီဇင်ဘာ ၁၂ ရက်နေ့က ဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

နိုင်ငံတကာက ရိုဟင်ဂျာဟု သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ဘင်္ဂါလီဟုသာ ခေါ်ဆိုသည့် သန်းနှင့်ချီသောမူဆလင်ဘာသာဝင်များသည် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်နေကြသူများဖြစ်သည်ဟုသာ မြန်မာအစိုးရက ပြောကြားထားသော်လည်း နိုင်ငံတကာကမူ ၎င်းတို့အား မြန်မာတိုင်းရင်းသား မျိုးနွယ်စုတစ်ခုအဖြစ် အသိအမှတ်ပြုရန်နှင့် နိုင်ငံသားအဖြစ် လက်ခံရန် မြန်မာအစိုးရများအပေါ် နှစ်ပေါင်းများစွာ ဖိအားပေးလာကြသည်။

သမိုင်းပညာရှင်များ ပါဝင်သော မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေး အဖွဲ့နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်၌ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးမြန်မာ့ သမိုင်းရာဇဝင်များတွင် လည်းကောင်း၊ ကိုလိုနီခေတ်တွင်လည်းကောင်း၊ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးတွင်လည်းကောင်း ရိုဟင်ဂျာဆိုသည့် စကားလုံးနှင့် အသုံးအနှုန်းများ ရေးသား ဖော်ပြမှု မရှိကြောင်း လေ့လာတွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ်၌ မောင်တောနှင့် ဘူးသီးတောင် မဲဆန္ဒနယ်များ၏ တိုင်းပြည်ပြု လွှတ်တော်အမတ် ဘင်္ဂလီလူမျိုး အဗ္ဗဒူဂဖားသည် သင်္ဘောပျက်ပုံပြင်ကို လုပ်ကြံ ဖန်တီး၍ ရိုဟင်ဂျာ စကားလုံးနှင့် အသုံးအနှုန်းကို ထည့်သွင်းဖော်ပြထားသည့် အစီရင်ခံစာအား ပြည်ထဲရေးဝန်ကြီးနှင့် အတွင်းဝန်ထံ ၂၀-၁၁-၁၉၄၈ ရက်နေ့တွင် ပေးပို့ခဲ့ရာမှ ရိုဟင်ဂျာ စကားလုံးနှင့် အသုံးအနှုန်း စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်” ဟု သူရဦးအောင်ကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမိုင်းဖြစ်ရပ်မှန်များကို ဖုံးကွယ်ချန်လှပ်ထားခြင်း မရှိဘဲ ပကတိ အခြေအနေမှန်အတိုင်း ရေးသားစီစဉ် ဆောင်ရွက်ထားရှိမှုကို လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် အများပြည်သူသို့ အသိပေးဖော်ပြခဲ့ရာ ထောက်ခံသူ ၉၀ ရာခိုင်နှုန်းကျော် ရှိကြောင်းနှင့် အဆိုပါကိစ္စအား နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ရှေးယခင်ကတည်းက ရိုဟင်ဂျာလူမျိုး မရှိခဲ့သော်လည်း ပြည်တွင်း ပြည်ပရှိ မလိုလားသူများက ရိုဟင်ဂျာလူမျိုးရှိကြောင်း လှုံ့ဆော်ရေးသား၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးပုံရိပ်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် မတည်မငြိမ်ဖြစ် စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏အရေးကို ဝင်ရောက် စွက်ဖက် ခြယ်လှယ်ပြီး လုပ်ကြံဖန်တီး ပြောဆိုရေးသား ထုတ်လွှင့်ဖြန်ချိနေသည်မှာ ကာလအတန် ကြာခဲ့ပြီ ဖြစ်ပါသည်ဟုလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန် စာအုပ်အား ပြည်တွင်း/ပြည်ပ စာဖတ်ပရိတ်သတ်များနှင့် အများပြည်သူ လေ့လာသိရှိနိုင်ရန် သမိုင်းပညာရှင်များက အထောက်အထားများ ဝေဆာစွာဖြင့် ရေးသားပြုစု၍ နိုင်ငံတော်အကြီးအကဲများ၏ အတည်ပြု ခွင့်ပြုချက်နှင့်အညီ သပ်ရပ်ခန့်ညားစွာ ထုတ်ဝေ ဖြန့်ချိသွားမည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်ခြားစောင့်တပ်စခန်းများကို အကြမ်းဖက်သမားများက သွေးထွက်သံယို တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးချိန်က စတင်ကာ အဆိုပါ ဒေသတွင် နယ်မြေလုံခြုံရေးစစ်ဆင်ရေးများကို တပ်မတော်က ဆောင်ရွက်နေပြီး တိုက်ခိုက်မှုတွင် ပါဝင်သူများကို လိုက်လံဖမ်းဆီးလျက်ရှိသည်။

ထိုစစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟုလည်း စွပ်စွဲခံထားရသည်။

အစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများကို ဖမ်းဆီးရာတွင် အင်အားကို လိုအပ်သလောက်သာ အသုံးပြုသည်ဟုလည်း တုန့်ပြန်ထားသည်။

နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံခဲ့ရသည့် အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း စစ်တပ်၏ စစ်ဆင်ရေးများအတွင်း တပ်မတော်သား ၁၉ ဦးနှင့် မသင်္ကာသူ ၇၆ ဦးအပါအဝင် သေဆုံးသူ ၁၀၀ ခန့်ရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြကြသည်။

ထိုအထဲတွင် ဖမ်းဆီးခံထားရသူ ၅၇၅ ဦးထဲမှ စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သူ ခြောက်ဦးလည်းပါဝင်သည်ဟု Global New Light of Myanmar သတင်းစာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖော်ပြခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးသူ ရာပေါင်းများစွာ ရှိသည်ဟုဆိုသည်။ သို့သော် အချက်အလက်များကို အတည်ပြုနိုင်ရန်အတွက် နိုင်ငံခြားသတင်းထောက်များနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးသူများ အဆိုပါ ဒေသတွင်း သွားရောက်ခွင့်ကို အစိုးရက တားမြစ်ထားသည်။

ပြဿနာများမှ ရပ်တန့်သွားမည့်အခြေအနေ မရှိသေးပဲ အဆိုပါဒေသတွင်း ထုတ်ပြန်ထားသည့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်မထွက်ရ အမိန့်ကို အစိုးရက နောက်ထပ်နှစ်လ ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။

မောင်တောတိုက်ခိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန်အတွက်လည်း ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတက ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်ပြီး အာဆီယံ အရေးပေါ်အစည်းအဝေးတစ်ခုကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားရန် မြန်မာအစိုးရက စီစဉ်နေပြီး အာဆီယံနိုင်ငံများကို ဖိတ်ကြားထားကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar