တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကားအခြေခံသည့် ပညာရေးရရှိရန်လိုအပ်

မြန်မာနိုင်ငံ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားကလေးငယ်များအနေဖြင့် ၎င်းတို့၏ မိခင်ဘာသာစကားကို အခြေခံသော ပညာရေးရရှိရန် လိုအပ်နေသည်ဟု ပညာရေးဆိုင်ရာ စာတမ်းနှစ်စောင်တွင် အစိုးရကို တိုက်တွန်းထားသည်။

ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များ လှုပ်ရှားသည့်အစိုးရမဟုတ်သော အန်ဂျီအိုအဖွဲ့အစည်းများဖြစ်သော Asian Myanmar Foundation နှင့် Save the Children တို့ ပူးတွဲထုတ်ဝေသည့် “မတူကွဲပြားခြင်းရဲ့အင်အား – မြန်မာ့တိုင်းရင်းသားဒေသများမှ ကမ္ဘာ့ပညာရေးဆီသို့” နှင့် “ဝေးလံခေါင်ဖျားသော ဒေသများအတွက်ပညာရေးနမူနာပုံစံ” အမည်ရှိ အဆိုပါ စာတမ်းနှစ်စောင်ကို နိုဝင်ဘာ ၂၀ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဝေးလံခေါင်ဖျားသောဒေသများအတွက် ပညာရေးနမူနာပုံစံ အစီရင်ခံစာတွင် တိုင်းရင်းသားကလေးငယ်များကို ၎င်းတို့၏ မိခင်ဘာသာစကားကို အခြေခံသော ပညာရေးဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း အစိုးရအားတိုက်တွန်းပြောဆိုထားသည့်အပြင် တိုင်းရင်းသားပညာရေးစနစ်ကို ဒေသဆိုင်ရာပညာရေးစနစ်တစ်ခုအဖြစ် အသိအမှတ်ပြုပေးရန်လည်း တောင်းဆိုထားသည်။

“တိုင်းရင်းသားကလေးငယ်တွေက မြို့ပေါ်နေကလေးတွေထက် ပညာရေးအခြေအနေ နိမ့်ပါးကြရတယ်။ ဒီနေရာမှာ ဘာသာစကားက အဓိကအတားအဆီး ဖြစ်နေပါတယ်။ တိုင်းရင်းသားကလေးငယ်တွေကို သူတို့ရဲ့မိခင်ဘာသာစကားကို အခြေခံတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပေးမယ်ဆိုရင် မြို့နေကလေးတွေနဲ့ ပညာရေးအခြေအနေ ကွာဟချက်ကို လျှော့ချပြီးသားဖြစ်ပါလိမ့်မယ်”ဟု အစီရင်ခံစာအား ပြုစုရေးသားသူ Save the Children မှ Catherine Johnson က ပြောကြားသည်။

တိုင်းရင်းသားပညာရေးစနစ်သည် တိုင်းရင်းသားလူမျိုးစုများ၏ ဘာသာဗေဒနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည့်အပြင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကူညီပေးနိုင်မည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါအစီရင်ခံစာကို ကရင်တိုင်းရင်းသားများဆိုင်ရာ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် KTWG (Karen Teachers Working Group) ၏ ဆယ်စုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရသော အကြောင်းအရာများကို အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။ KTWG သည်ပဲခူး၊ တနင်္သာရီ မွန်နှင့် ကရင်ပြည်နယ်များတွင် အခြေခံပညာကျောင်းပေါင်း ၁,၅၀၀ တွင် ကရင်တိုင်းရင်းသား ကလေးငယ် တစ်သိန်းခုနစ်သောင်းကျော်ကို ကရင်ဘာသာစကား အခြေခံသော ပညာရေးကို သင်ကြားပေးနေသည်။

“KTWG ကျောင်းတွေရဲ့ လက်ရှိသင်ရိုးက KED(Karen Education Department)နဲ့ နိုင်ငံတကာ အင်န်ဂျီအိုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကရင်ဘာသာစကားကို အသုံးပြုရေးဆွဲထားတာပါ။ အစိုးရဘက်ကနေ ဆရာ၊ ဆရာမတွေ ထောက်ပံ့ပေးတယ်။ ဖတ်စာစာအုပ်တွေ ထောက်ပံ့ပေးတာမျိုးတော့ ရှိပါတယ်။ တခြားတိုင်းရင်းသားကျောင်းမို့လို့ဆိုပြီး ထောက်ပံ့ပေးတာမျိုး မရှိဘူး။

“နောက်ပြီး ဒီပညာရေးကို အသိအမှတ်ပြုမပြုပေးပါဘူး။ ဥပမာ KTWG ကနေ အထက်တန်းအောင်ထားတဲ့ ကလေးတစ်ယောက်က အစိုးရရဲ့ တက္ကသိုလ်ကို တက်ခွင့်မပြုမျိုးပေါ့။ ဆိုလိုတာက သူတို့သတ်မှတ်ထားတဲ့ ပညာရေးအဆင့်ရှိဖို့ မသေချာတဲ့အတွက် အသိအမှတ်မပြုပေးတဲ့သဘောပါ။ အစိုးရအနေနဲ့ တိုင်ရင်းသားပညာရေးနဲ့ပတ်သတ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မျက်နှာစုံညီ စည်းဝေးပေးစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်ရိုးညွှန်းတမ်းတွေလည်း ညှိနှိုင်းမယ်။ တိုင်းရင်းသားပညာရေးကိုလည်း အသိအမှတ်ပြုစေချင်ပါတယ်” ဟု KTWG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောကိုလိုထူးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားဘာသာစကားဖွံ့ဖြိုးရေးဌာန၏ ဌာနမှူးဒေါ်ခင်သူဇာဝင်းက “တိုင်းရင်းသားဘာသာစကားနဲ့ ပတ်သတ်ပြီး အမျိုးသားပညာရေးဥပဒေမူကြမ်း စာမျက်နှာ၂၆ မှာ တိုင်းရင်းသားစာသင်ကျောင်းတွေအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နိုင်တယ်လို့ အတိအလင်းဖော်ပြပါရှိပါတယ်။ ဒါပေမယ့် အမျိုးသားပညာရေးဥပဒေကလည်း မူကြမ်းပဲထွက်သေးပြီး အသေးစိတ်နည်းဥပဒေကိုတော့ ရေးဆွဲဆဲဖြစ်တဲ့ အခြေအနေပါ။ အခုတိုင်းရင်းသားရေးရာဝန်ကြီးဌာနလည်း ရှိလာပြီဖြစ်လို့ တကယ်လို့များ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုလာမယ်၊ တောင်းဆိုမှုများလာမယ်ဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တိုင်းရင်းသားတက္ကသိုလ်ဆိုပြီး ဖွင့်သွားဖို့ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားသည်။

Asian Myanmar Foundation ၏ တင်ပြသောအစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ ပညာရေးမျှော်မှန်း ချက်များ ပြည့်ဝရန် KTWG ကဲ့သို့သော တိုင်းရင်းသားအခြေပြုပညာရေး ထောက်ပံ့ကူညီသူများသည် အရေးပါပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါတိုင်းရင်းသားအခြေပြု ပညာရေးထောက်ပံ့သူများကို မိတ်ဖက်များသဖွယ် မြင်သင့်ကြောင်း ဖော်ပြထားသည်။

သတင်း-ဖြိုးသီရိသူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar