ရန်ကုန်
မြန်မာနိုင်ငံ၏ စီးပွားရေးသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လ ျှင် ရှစ်ရာခိုင်နှုန်းခန့် တိုးတက်ရန် အလားအလာရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်တိုင်းပြည်၏ စီးပွားရေး ထပ်မံ တိုးတက်ရန် ဦးစားပေး ဆောင်ရွက်သင့်သည်ဟုလည်း မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ရန်အတွက် မူဝါဒရေးရာ အကြံပေးချက်စာတမ်း ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။
“မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးအသွင်ကူးပြောင်းမှုမှာ သမိုင်းဝင် မှတ်တိုင်တစ်ခုကို ရောက်ရှိနေပါပြီ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ခိုင်မာအားကောင်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကနေတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်လာဖို့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတစ်ရပ် ရှိနေပါတယ်” ဟု ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး အူးရစ်ဇက်ခေါင်က ပြောကြားသည်။
“အားလုံးသွားကြစို့ – မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှု ဖော်ဆောင်နိုင်မည့် မူဝါဒအကြံပြုချက်များ” အမည်ရှိ အဆိုပါမူဝါဒရေးရာစာတမ်းတွင် စီးပွားရေး ဈေးကွက်ကို ပိုမိုဖွင့်လှစ်ရန်နှင့် အမျိုးအစား စုံလင်စွာ ဖြစ်ထွန်းလာအောင် အားပေးရန်၊ နိုင်ငံအဝှမ်းရောက်ရှိနိုင်မည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေဖြစ်သည့် အခြေခံပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ဓာတ်အား စသည်တို့ကို အရည်အသွေးမီစွာ အချိန်နှင့်အမျှ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူ့ရေးရာ အုပ်ချုပ်မှု ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ပိုမို တိုးတက်လာစေရန် စသည့် အချက်သုံးချက်အား အဓိက ဦးတည်ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်မည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ မူဝါဒစာတမ်းများ ထုတ်ပြန်သည့် အခမ်းအနားတွင် ကမ္ဘာ့ဘဏ်၏ အကြီးတန်းစီးပွားရေးပညာရှင် Habib Rab က မြန်မာနိုင်ငံသည် အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများရှိသည်ဟု ပြောကြားခဲ့သည်။
“စီးပွားရေးက တကယ်ကို ခုနစ်ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမှာ အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒီလို တိုးတက်မှုထဲမှာ အားလုံးပါဝင်လာအောင် လုပ်ဆောင်ကြဖို့ အခွင့်အရေးတွေ ရှိနေပါတယ်” ဟု ၎င်းကပြောသည်။
ပြုပြင်ပြောင်းလဲမှုများ စတင်သည့် ၂၀၁၁ ခုနှစ်မှာ စတင်ကာ တိုင်းပြည်၏ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ တိုးမြင့် သုံးဆွဲလာခဲ့သော်လည်း အရှေ့တောင်အာရှဒေသတွင်မူ အနည်းဆုံး ဖြစ်နေဆဲ ဖြစ်သည်။
သတင်း- အိုလီဗာဆလိုး