တိုင်းပြည်ကို ပံ့ပိုးပေးနိုင်မည့် တန်ဖိုးအပေါ် မူတည်၍ ပြည်တော်ပြန်ခွင့် စဉ်းစားပေးနေ

နိုင်ငံပြန်လည်တည်ထောင်ရာတွင် မည်မျှပံ့ပိုးပေးနိုင်သည်ကို ကြည့်၍ နာမည်ပျက် စာရင်းသွင်းခံထားရသူများ၏ ပြည်တော်ပြန်ခွင့်ကို စိစစ်ဆုံးဖြတ်ပေးနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက Frontier ကို ပြောသည်။

“ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ဘယ်လောက် ပံ့ပိုးနိုင်မလဲဆိုတဲ့ သူရဲ့ တန်ဖိုးကိုကြည့်ပြီး စဉ်းစားပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယခင်အစိုးရအဆက်ဆက် အလွန်တင်းကြပ်ခဲ့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန် ဝင်ခွင့်ကို လက်ရှိအစိုးရသစ်က အတော်လေး ဖြေလျော့ လက်ခံပေးနေသည်ဟု ၎င်းက ပြောသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် စစ်အစိုးရလက်ထက်က နာမည်ပျက် စာရင်းသွင်းခံထားရသည့် မြန်မာပြည်ဖွား အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်း (လက်ရှိအမေရိကန် နိုင်ငံသား) ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ ပြန်လာစဉ် ပြည်ဝင်ခွင့်မရရှိခဲ့ပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လှည့်ပြန်ခဲ့ရပြီးမှ တဖန် ပြည်ဝင်ခွင့် ပြန်လည်ရရှိခဲ့သည်။

အစိုးရသစ်လက်ထက် သြဂုတ် ၂ ရက်တွင် ရန်ကုန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသော ၎င်းကို ရောက်ရှိလာသည့်နေ့က ပြည်တော်ဝင်ခွင့်မပြုခဲ့သဖြင့် အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပြီး တစ်ပတ်အကြာတွင် နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပြီးမှသာ ပြန်လာခွင့်ရရှိခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ သြဂုတ် ၃ ရက်နေ့က ထုတ်ဖော်ပြောဆိုမှုအရ ထိုသို့ နာမည်ပျက်စာရင်း သွင်းခံထားရသည့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားများ၏ အရေးကိစ္စများကို ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာန ၁၅ ခု ပူးပေါင်းစိစစ်နေပြီး ဖြေလျော့မှုများ ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

ထို့အတူ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း နာမည်ပျက်စာရင်း ပြန်လည်စိစစ်ခြင်းလုပ်ငန်းကိုပါ ထည့်သွင်းထားပြီး စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးအရ နာမည်ပျက်စာရင်း သွင်းခံထားရသည့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများကိုလည်း စာရင်းပြုစု စိစစ်ပေးနေသည်ဟု ၎င်းက ဆိုသည်။

သို့သော် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကြမ်းဖက်သမားများ၊ ပြစ်မှုကျူးလွန်သူများ၊ နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်သူများအဖြစ် သတ်မှတ်ခံထားရသူများမှာမူ ဖြေလျော့ပေးမှုတွင် အကျုံးဝင်မည် မဟုတ်ဟု ဦးသိန်းဆွေက အသိပေးထားသည်။

ယခင်အစိုးရအဆက်ဆက်လက်ထက် နာမည်ပျက်စာရင်း သွင်းခံထားရသည့် မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး၊ စုစုပေါင်း ၆၁၉ ဦးကို အစိုးရသစ်လက်ထက် လေးလကျော်ကာလအတွင်း နာမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးပြီးဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar