တိုက်ပွဲများကြောင့် မြန်မာဒုက္ခသည် ၂၀,၀၀၀ ကျော် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး

ရန်ကုန်၊ မတ် ၁၀

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် မြန်မာအစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာဒုက္ခသည် ၂၀,၀၀၀ ကျော် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက် ခိုလှုံလာကြသည်ဟု တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စစ်ပွဲဒဏ်မှ ယာယီရှောင်ရှားနိုင်ရန်အတွက်” မြန်မာနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ကြာသပတေးနေ့၌ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ အရှေ့မြောက်ဘက်ဒေသတွင် အစိုးရတပ်များနှင့် လက်နက်များ ကောင်းမွန်စွာ တပ်ဆင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ကာ ပြင်းထန်သည့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ခြိမ်းခြောက်နေသည်။

ထို့ပြင် ယခုတိုက်ခိုက်မှုများက ၂၀၁၅ ခုနှစ်ကကဲ့သို့ တိုက်ပွံဲများ ပြန်လည်ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။ ထိုအချိန်က တိုက်ပွဲများကြောင့် လူပေါင်းများစွာ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြပြီး ဘေဂျင်းနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ပစ်ခတ်တိုက်ခိုက်မှုများ ချက်ချင်း ရပ်စဲကြရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်သလို တိုက်ခိုက်မှုများ ထပ်မံကျယ်ပြန့်လာခြင်းမရှိစေရန်နှင့် နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုများ မူလအတိုင်း ပြန်လည်ရရှိလာစေရန်အတွက် ထိရောက်ပြီး လက်တွေ့ကြသည့် လုပ်ဆောင်မှုများ ဆောင်ရွက်ကြရန် တောင်းဆိုထားသည်ဟု Geng က သတင်းထောက်များကို ပြောကြားသည်။

သေနတ်ကျည်ဆံများနှင့် လက်နက်ကြီးကျည်ဆံများ တရုတ်နိုင်ငံ နယ်မြေတွင်းသို့ ကျရောက်ခဲ့သဖြင့် တရုတ်ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟုလည်း ၎င်းကပြောသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) က ကိုးကန့်ဒေသမြို့တော်ဖြစ်သည့် လောက်ကိုင်ရှိ ရဲနှင့် တပ်မတော်စခန်းများအား ပြီးခဲ့သည့် တနင်္လာနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့ရသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နောက်ထပ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့နေကြသဖြင့် မြို့တွင်းနေထိုင်သူအများစုမှာ မြို့ကို စွန့်ခွာ ထွက်ပြေးနေကြခြင်း ဖြစ်သည်။

“အများစုက လောက်ကိုင်ကို စွန့်ခွာသွားကြပါပြီ” ဟု အမည်မဖော်လိုသူ တပ်မတော် အရာရှိတစ်ဦးက အေအက်ဖ်ပီကို ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ မြို့၏ ပတ်ဝန်းကျင်ဒေသများတွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ၎င်းကဆိုသည်။

ထွက်ပြေးသူအချို့က လောက်ကိုင်မြို့ တောင်ဘက်တွင် တည်ရှိသည့် လားရှိုးမြို့သို့ ထွက်ပြေးခိုလှုံလာကြသည်။

“တိုက်ပွဲတွေဖြစ်ကတည်းက ကျွန်တော်တို့ အရမ်းကို ကြောက်နေတာ” ဟု ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ခိုလှုံနေကြသူများထဲမှ တစ်ဦးဖြစ်သူ အသက် ၄၄ နှစ်အရွယ် ကိုမြင့်ကြည်က ပြောကြားသည်။ “ဟိုတယ်တွေလည်း ပျက်စီးကုန်ပြီတယ်။ ကားတွေလည်း မီးရှို့ခံရတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်တာတွေ ထားခဲ့ပြီး အသက်ဘေးက လွတ်အောင် ထွက်ပြေးလာကြရတာ” ဟု ၎င်းကပြောသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar