ရဲမွန်
တအာင်းလက်နက်ကိုင်အဖွဲ့က အကြောင်းပြချက်မပေးပဲ ဖမ်းဆီးထားသော ဇနီးဖြစ်သူအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိလိုကြောင်းနှင့် အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေလိုသည်ဟု ခင်ပွန်းသည်ဖြစ်သူ စိုင်းစောရွှေက Frontier ကို ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် နေထိုင်သူ အသက် ၃၆ နှစ်အရွယ်ရှိ နန်းမိုဟွမ်ဆိုသူ ရှမ်းတိုင်းရင်းသူ အမျိုးသမီးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်သားများက သြဂုတ် ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကာ ယနေ့တိုင် လွတ်မြောက်လာခြင်း မရှိသေးပေ။
အဆိုပါနေ့တွင် တရားစခန်းသို့ရောက်ရှိနေသည့်အတွက် မည်ကဲ့သို့ ဖမ်းဆီးသွားသည်ကို တွေ့မြင်ခဲ့ခြင်း မရှိသည့်အပြင် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိသေးကြောင်း ဖမ်းဆီးခံရသူ နမ်းမိုဟွမ်၏ ခင်ပွန်းသည်က ဆိုသည်။
“ကျွန်တော့်ဇနီးသည်ရဲ့ လုံခြုံရေးအခြေအနေကြောင့် သူလွတ်မြောက်အောင် ဘာတွေလုပ်ဖို့ရှိမလဲဆိုတာ မပြောပါရစေနဲ့။ အမြန်ဆုံးပဲ သူ့ကို လွှတ်ပေးစေချင်တယ်။ ကျွန်တော်တို့မှာ ကလေးငယ် သုံးယောက်ရှိတယ်။ အခုချိန်ထိ မိသားစုကို အကြောင်းကြားတာမျိုးလည်း သူတို့ဘက်က မလုပ်ဘူး”ဟု စိုင်းစောရွှေက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကမူ ၎င်းတို့အဖွဲ့၏ ဥပဒေကို ချိုးဖောက်သည့်အတွက် နန်းမိုဟွမ်ကို ဖမ်းဆီးရခြင်းဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက သူ့အနေနဲ့ ဥပဒေ ချိုးဖောက်ထားပါတယ်။ ဘယ်လို အရေးယူမယ်ဆိုတာ ပြောလို့မရသလို ဘာချိုးဖောက်ထားတာလဲ ဆိုတာကိုလည်း ပြောလို့မရပါဘူး။ အမြန်ဆုံး စီရင်ချက်ချနိုင်အောင် ဆောင်ရွက်နေပါတယ်။ ဘာမှလည်း စိုးရိမ်စရာမရှိပါဘူး။ ကျန်းမာရေး ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။
နမ်းမိုဟွမ် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး နမ့်ခမ်းလူငယ်များ ကွန်ယက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ရှုံ့ချကန့်ကွက်ထားသည်။
အဆိုပါဖမ်းဆီးမှုသည် ပြည်သူတစ်ဦး၏ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်သည့်အပြင် အသက်အန္တရာယ် လုံခြုံမှုကိုလည်း ထိခိုက်သည့်အတွက် ရှုံ့ချကန့်ကွက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တအာင်းလက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးရာတွင် နန်းမိုဟွမ်ကို သေနတ်ဖြင့်ချိန်ပြီး ခေါ်ဆောင်သွားသည့်အပြင် နေအိမ်၌ တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကိုလည်း ဖျက်ဆီးသွားခဲ့သည်ဟု အဆိုပါကြေညာချက်အရ သိရသည်။
ထို့ကြောင့် ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ်အား အမြန်ဆုံး ချက်ချင်းပြန်လည်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
တအာင်း အမျိုးသားလွတ်မြောက်ရေးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်ရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ထို့ပြင် တပ်မတော်နှင့်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် အဖွဲ့လည်းဖြစ်သည်။ ထို့ပြင် ကေအိုင်အေ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သည်။