တရုတ်- မြန်မာ နယ်ခြားမှတ်တိုင်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်စစ်ဆေး

တရုတ်-မြန်မာနယ်စပ်တွင် ပထမဆုံး စိုက်ထူခဲ့သည့် နယ်ခြားမှတ်တိုင်သို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်စစ်ဆေးခဲ့သည်ဟု ရန်ကုန်မြို့၊ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သည့် နှစ် ၇၀ ပြည့်အခါသမယတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နယ်စပ်မျဉ်းကြောင်းအတိုင်း တရုတ်-မြန်မာနယ်စပ်ရှိ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမှတ် (၁) နယ်ခြားမှတ်တိုင်” သို့ လမ်းလျှောက်စစ်ဆေးခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမှတ် (၁) နယ်ခြားမှတ်တိုင်”ဟု အမည်ရသည့် အဆိုပါနယ်ခြားမှတ်တိုင်သည် ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့တွင် တည်ရှိသည်ဟု ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြိးနောက် မြန်မာနိုင်ငံနှင့် ပထမဆုံး ပိုင်းခြားသတ်မှတ်ခဲ့သည့် နယ်စပ်ဖြစ်သည်။

“၁၉၆၀ ပြည့်နှစ်တွင် ပိုင်းခြားသတ်မှတ်ခဲ့သော တရုတ်-မြန်မာနယ်စပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအကြား နယ်စပ်ပြဿနာကို ချစ်ကြည်အေးချမ်းစွာဖြေရှင်းမည်ဟူသည့် အစဉ်အလာကို ချမှတ်နိုင်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ခိုင်မာနက်ရှိုင်းစေခဲ့ပါသည်” ဟုလည်း တရုတ်သံရုံးက ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၉၀၀ ကျော် လျှိုမြောင်အကြားရှိ တရုတ်-မြန်မာ နယ်စပ်မျဉ်းကြောင်းသို့ သွားရောက်စစ်ဆေးပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၂၁၄ မီတာ ကျန်းကောင်းတောင်ထွတ်ရှိ နယ်ခြားမှတ်တိုင်အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နယ်ခြားမှတ်တိုင်ပေါ်ရှိ မှိန်နေပြီဖြစ်သော “တရုတ်နိုင်ငံ” ဟူသည့်အနီရောင်စာလုံးအား ကိုယ်တိုင် အရောင်ပြန်တင်ပေးခဲ့ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့သည် အရှည် ၁,၉၉၇ ကီလိုမီတာ နယ်စပ်ချင်း ထိစပ်နေပြီး တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်-မြန်မာနယ်စပ်နေရာအချို့တွင် နယ်စပ်သတ်မှတ်မှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုအချို့ရှိခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar