တရုတ် မြန်မာ ဆက်ဆံရေးအား မှန်ကန်သည့် လမ်းကြောင်း၌ ထိန်းသိမ်းထားရန် တရုတ်တိုက်တွန်း

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးအား မှန်ကန်သည့် လမ်းကြောင်းအတွင်း ထိန်းသိမ်းထားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ဆုံခဲ့ချိန်တွင် တရုတ်သမ္မတ ရှင်ကျင့်ဖိန်က အကြံပြုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။

ထို့ပြင် “နှစ်နိုင်ငံ သဘောတူညီချက်များအားလုံးကို အကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ စီးပွားရေးစြင်္က ံနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ခြင်း အစရှိသော တိုးတက်မှုမှတ်တိုင်သစ်များအား ပျိုးထောင်ရန် သမ္မတရှီက အကြံပြုခဲ့သည်” ဟု ဆင်ဟွာကရေးသားထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် မူဆလင်ဒုက္ခသည် ထောင်ပေါင်းများစွာ၏ အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများရှိနေချိန်တွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံက ရပ်တည်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုတွင် ၎င်းက ထိုသို့ ပြောကြားခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် ပေကျင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“CPC နှင့် တရုတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒနှင့် ကာလရှည် မဟာဗျူဟာကျ မြင့်မားသည့် နှစ်နိုင်ငံ ဆက်ဆံရေးအမြင်အား အမြဲတစေ လိုက်နာ စောင့်ထိန်းသွားမည်” ဟု CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ သမ္မတရှီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အနိုင်ရပါတီ နှစ်ခုအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား ထိန်းသိမ်းရန်၊ ပါတီနှင့် အစိုးရဆိုင်ရာ အတွေ့အကြုံ မျှဝေရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် နိုင်ငံရေးလမ်းညွှန်မှုများ ခိုင်မာရန်၊ တရုတ်-မြန်မာ မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး သဘောတူညီချက်အသစ်များ ချမှတ်ရန် မျှော်လင့်ကြောင်းလည်း သမ္မတရှီက ပြောကြားခဲ့သည်ဟု ဆင်ဟွာက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သီးခြားအရေးပါသော ဆက်ဆံရေးမှာ တိုးတက်မှု ရှိနေကြောင်း၊ နှစ်နိုင်ငံအကြား သမိုင်းကြောင်းရှည်ကြာစွာ တည်ရှိခဲ့သော ချစ်ကြည်ရေးနှင့် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုများအပေါ် အခြေခံထားသော နီးကပ်သည့် ဆက်ဆံရေးအား ပြန်ပြောင်း အောက်မေ့မိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံမှ အဆိုပြုထားသော မြန်မာ-တရုတ် စီးပွားရေးစြင်္က ံအား ဒေါ်အောင်ဆန်းစုကြည်က သဘောတူခဲ့သည်ဟု ဆင်ဟွာက ဆက်လက်ရေးသားထားသည်။

“ဒီလည်ပတ်မှုမှာ တခြားရှုထောင့်တစ်ခု ရှိနေတယ်ဆိုတာကိုတော့ ငြင်းစရာမရှိပါဘူး” ဟု နယူးဒေလီမြို့ Institute for Defence Studies and Analyses မှ အရှေ့တောင်အာရှနှင့် သမုဒ္ဒရာဒေသစင်တာ၏ သုတေသီတစ်ဦးဖြစ်သူ Dr Sampa Kundu က South China Morning Post သတင်းစာကို ဒီဇင်ဘာ ၁ ရက်နေ့က ပြောကြားသည်။

“မေးခွန်းကတော့ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေရှိနေချိန်မှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ နီးကပ်သွားမလား ဆိုတာပါပဲ” ဟု ၎င်းက ဟောင်ကောင်သတင်းစာကို ပြောကြားသည်။

တရုတ်နိုင်ငံ Xiamen တက္ကသိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Fan Hongwei က နိုင်ငံတော်၏ အတိုင်ပင်ခံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအား မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရန် မျှော်လင့်လိမ့်မည်ဟု South China Morning Post ကို ပြောကြားသည်။

“မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကိစ္စမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဟာ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေနဲ့ စွပ်စွဲမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ တရုတ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂမှာ ကာကွယ်ပေးခဲ့တယ်။ ပြီးတော့ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်တို့အကြား ကြားဝင်ပေးဖို့ ကမ်းလှမ်းခဲ့တယ်။ ဒီအတွက် မြန်မာက ကျေးဇူးတင်မှာပါ” ဟု ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar