တရုတ်သမ္မတက ဦးဝင်းမြင့်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့

မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် မတ် ၂၈ ရက်နေ့က ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဦးဝင်းမြင့်ထံ တရုတ်သမ္မတ ရှီကျင့်ပင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့ခဲ့ရာတွင် မြန်မာနိုင်ငံအတွက် အောင်မြင်မှုအသစ်များ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

မတ် ၂၈ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် အဆိုပါဂုဏ်ပြုလွှာတွင် သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း သိရှိရသည့်အတွက် လှိုက်လှဲစွာ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာ ပို့သလိုပါသည်ဟု ဖော်ပြထားသည်။

ထို့ပြင် “အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာအစိုးရနှင့် ပြည်သူပြည်သားများသည် တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်း ကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် ဆက်လက် တွန်းအားပေးရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး အစရှိသည့်နယ်ပယ်များ၌ အောင်မြင်မှုအသစ်များ ရရှိနိုင်မည်ဟု ကျွနု်ပ်ယုံကြည်ပါသည်” ဟု ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းများ ဖြစ်သလို နှစ်နိုင်ငံ ပြည်သူလူထု၏ “ပေါက်ဖော်” ချစ်ကြည်ရေးသည် နက်ရှိုင်းလှသည်ဟုလည်း ဖော်ပြထားသည်။

“ကျွန်ုပ်သည် တရုတ်-မြန်မာဆက်ဆံရေး ဖံွံံံ့ဖြိုးတိုးတက်ရန် အထူးအလေးထားပြီး အစဉ်အလာ ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နောက်ထပ် အဆင့်မြှင့်တင်ပေးရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူလူထုတို့အတွက် အကျိုးစီးပွားဆောင်ကြဉ်းလာရန် အဆွေတော်နှင့်တကွ ကြိုးပမ်းဆောင်ရွက်လိုပါသည်” ဟုလည်း ဖော်ပြထားသည်။

“အဆွေတော် ကျန်းမာချမ်းသာ၍ အလုပ် အဆင်ပြေပါစေကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စည်ပင်သာယာပြီး၊ ပြည်သူလူထု ချမ်းမြေ့သုခနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်” ဟုလည်း တရုတ်သမ္မတ၏ ဂုဏ်ပြုလွှာတွင် ဆက်လက်ဖော်ပြထားသည်။

တရုတ်သမ္မတသည် မြန်မာသမ္မတသစ်ထံ ပထမဆုံးသော ဂုဏ်ပြုလွှာပေးပို့သည့် ပြည်ပနိုင်ငံအကြီးအကဲတစ်ဦး ဖြစ်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သမ္မတသစ် ဦးဝင်းမြင့်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မတ် ၂၉ ရက်နေ့က ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် “ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း” ဖော်ပြထားသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar