တရုတ်လုပ် ဒရုန်းများအား တိုက်ခိုက်ရေးအတွက် တပ်မတော်က အသုံးပြုနေ

တရုတ်နိုင်ငံထုတ် လူလိုက်ပါခြင်းမရှိသည့် လေယာဉ် (ဒရုန်း)များအား မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် စစ်ဆင်ရေးများတွင် တပ်မတော်က အသုံးပြုနေသည်ဟု ကာကွယ်ရေးဆိုင်ရာ သတင်းများ ရေးသားနေသည့် IHS Jane’s Defence Weekly မဂ္ဂဇင်းက ရေးသားထားသည်။

လူလိုက်ပါခြင်းမရှိသော တိုက်ပွဲသုံး မောင်းသူမဲ့ လေယာဉ်များ (UCAVs) အား မြန်မာနိုင်ငံတွင် အသုံးပြုနေသည်ဟူသည့် ယခင်က ရရှိထားသည့် သတင်းများအား အတည်ပြုပေးနိုင်ခဲ့သည့် ဓာတ်ပုံတစ်ပုံအား လူမှုကွန်ယက်ဖြစ်သည့် ဖေ့ဘုတ်အကောင့်တစ်ခုတွင် တင်ထားပြီး အင်တာနက်တွင် ပျံနှံ့နေသည်ဟု အဆိုပါ မဂ္ဂဇင်းက ဇွန် ၇ ရက်နေ့က ရေးသားထားသည်။

တပ်ဖွဲ့ဝင်တစ်ဦး၏ မိုဘိုင်းဖုန်းဖြင့် ရိုက်ထားခြင်းဖြစ်သည်ဟု ယူဆထားသည့် အဆိုပါ ပုံထဲတွင် တပ်မတော်သား ခုနစ်ဦးသည် ပျံသန်းရန် အဆင်သင့်ဖြစ်နေသည့် CH-3A UCAV ၏ ဘေးတွင် မတ်တပ်ရပ်နေကြသည်ဟု မဂ္ဂဇင်း၏ ဘန်ကောက်သတင်းထောက်ဖြစ်သူ အန်တိုနီဒေးဗစ်က ပြောသည်။

ဒလက်သုံးခုပါသည့် ပန်ကာကို အသုံးပြုထားပြီး ကွဲပြားခြားနားသည့် ပုံစံရှိသည့် အဆိုပါ တရုတ်နိုင်ငံထုတ် ဒရုန်းများကို တပ်မတော်(လေ)က ၂၀၁၃-၁၄ ခုနှစ်များက စတင်ကာ အသုံးပြုခဲ့သည်ဟု ရေးသားထားသည်။ တစ်စီး သို့မဟုတ် တစ်စီးထက်ပိုသည့် ဒရုန်းများသည် ရှမ်းပြည်နယ်၊ လားရှိုးနှင့် ကချင်ပြည်နယ်၊ ဗန်းမော်တို့မှ တိုက်ခိုက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု မဂ္ဂဇင်းက ရေးသားထားသည်။

“ဒရုန်းများအား သတင်းထောက်လှမ်းရေး လုပ်ငန်းများအတွက် အသုံးပြုသည်၊ သို့မဟုတ် တိုက်ခိုက်ရေးအတွက် အသုံးပြုသည်၊ သို့မဟုတ် နှစ်မျိုးလုံးအတွက် အသုံးပြုသည်ကို သဲသဲကွဲကွဲ မသိရှိရသေးပါ” ဟု ရေးသားထားသည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် လေတပ်က CH-3A များအား အသုံးပြုခဲ့သည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သည်ဟုလည်း ရေးသားထားသည်။

တပ်မတော်(လေ)၏ မိတ္ထီလာလေတပ်စခန်းတွင် ၁၀ စီးမှ ၁၂ စီးအထိပါဝင်သော CAs အုပ်စု ရှိနေသည်ဟု ယုံကြည်ရကြောင်း မဂ္ဂဇင်းက ရေးသားထားသည်။ မြန်မာနိုင်ငံတွင် အဆိုပါ မောင်းသူမဲ့ လေယာဉ်များအား အသုံးပြုနေသည်ဟူသည့် သတင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်၊ နယ်စပ်အနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် အဆိုပါလေယာဉ်များအား ၂၀၁၅ ခုနှစ် အစောပိုင်းက တွေ့ရှိပြီးနောက် အဆိုပါသတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

CH-3A များအား တရုတ် အာကာသသိပ္ဗံနှင့် နည်းပညာကော်ပိုရေးရှင်းက ထုတ်လုပ်ခြင်း ဖြစ်ကာ ၂၀၀၈ ခုနှစ်က ဇူဟိုင်း လေကြောင်းပြပွဲတွင် စတင်ပြသခဲ့သည်။ ကီလိုမီတာ ၉၆၀ အကွာအဝေးအထိ သွားရောက်နိုင်ပြီး ၁၀၀ ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင်နိုင်သည်။

အဆိုပါ ဒရုန်းများသည် ပုံမှန်အားဖြင့် AR-1 ဒုံးကျည်များ သယ်ဆောင်လေ့ရှိသော်လည်း အင်တာနက်ထဲတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံထဲတွင်မူ ဒုံးကျည်များ တင်ဆင်ထားသည်ကို မတွေ့ရှိရပေ။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar