တရုတ်က “မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေ” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

တရုတ်နိုင်ငံအား “မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေ၊ မဟာဗျူဟာမိတ်ဘက်နိုင်ငံအဖြစ်” သတ်မှတ်ထားသည်ဟု တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဧပြီ ၈ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်သည်။

၎င်းအား Gen. Li Zuocheng က ဧပြီ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိခဲ့ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ နှစ်နိုင်ငံ နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလေးနက်စေရန်အတွက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့အနေဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် အပေါ် တရုတ်နိုင်ငံ၏မှန်မှန်ကန်ကန်ရပ်တည်မှုများနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးမှုများ အတွက်လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲတွင် တရုတ်စစ်ဦးစီးချုပ် Gen. Li Zuocheng က မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နှစ်နိုင်ငံလုံးအတွက်အရေးကြီးသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့သည်။

“နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေမည့် မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန် ထောက်ကူမှုပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်” ဟုလည်း ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ တရုတ်တပ်မတော်၏ မိတ်ဟောင်းဆွေဟောင်းတစ်ဦး ဖြစ်သည်ဟုလည်း Gen. Li Zuocheng က ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar