တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခု နယ်စပ်၌ တွေ့ဆုံ

တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Sun Guoxiang နှင့် တရုတ်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခုနှင့် သြဂုတ် ၂၄ ရက်နေ့က တွေ့ဆုံခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပြီး နှစ်ရက်အကြာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံအား ကျင်းပရန် ရက်သတ္တပတ် တစ်ပတ်အလိုတွင် ထိုသို့ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု တပ်မတော် (NDAA) တို့နှင့် နယ်စပ်ဒေသရှိ လန်ချန်းကျေးရွာတွင် သြဂုတ် ၂၄ ရက်နေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

တွေ့ဆုံမှုနှင့် ပတ်သက်ပြီး အဆိုပါ လက်နက်ကိုင်အဖွဲ့ နှစ်ခုလုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေ။ ရန်ကုန်မြို့ရှိ တရုတ်သံရုံးကလည်း အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး Frontier ၏ မေးမြန်းမှုကို တုန့်ပြန်ခြင်း မရှိပေ။

၂၁ ရာစု ပင်လုံညီလာခံတွင် အဆိုပါ အဖွဲ့နှစ်ခုလုံး ပါဝင်တက်ရောက်မည်ကို အတည်ပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အစီအစဉ်များနှင့် ပတ်သက်ပြီး ၎င်းအဖွဲ့များ၏ အမြင်ကို နားထောင်ရန်အတွက် ထိုတွေ့ဆုံပွဲ ပြုလုပ်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဝါရှင်တန်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်သည့် Henry L.Stimson Center မှ တရုတ်နိုင်ငံရေးရာ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူနှင့် အကြီးတန်းအမှုဆောင်ဖြစ်သူ မစ္စယွန်ဆန်းက ပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို UWSA နဲ့ NDAA တို့ တက်ရောက်ဖို့အတွက် တရုတ်က ဖျောင်းဖျပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် သူတို့ မလိုလားတဲ့အချက်တွေကို သဘောတူလာအောင်တော့ တွန်းအားပေးလို့ မရပါဘူး” ဟု ၎င်းကပြောသည်။

သြဂုတ် ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ Sun Guoxing က တရားဝင် ကိုယ်စားလှယ်အဖြစ် တက်ရောက်မည် ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပခဲ့သည့် အစိုးရမဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လေးရက်ကြာ ညီလာခံသို့လည်း ၎င်းတက်ရောက်ခဲ့သည်။

မိုင်ဂျာယန်အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားမှုကို လက်မခံခဲ့သည့် UWSA ၏ ကိုယ်စားလှယ်များသည် အဆိုပါ အစည်းအဝေး ကျင်းပနေသည့် အချိန်မှာပင် NDAA ခေါင်းဆောင်များနှင့်အတူ နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား သီးခြားစီ တွေ့ဆုံခဲ့ကြသည်။

တရုတ်မြန်မာ နယ်စပ်ဒေသတွင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ကွန်မြူနစ်ပါတီ ၁၉၈၉ ခုနှစ်တွင် ပြိုကွဲသွားပြီးနောက် UWSA နှင့် NDAA တို့အား ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့နှစ်ခုလုံးသည် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ဦးသိန်းစိန်အစိုးရနှင့် ၂၀၁၁ ခုနှစ်တွင် သဘောတူညီချက် ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။

အဖွဲ့နှစ်ဖွဲ့လုံးက ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်တွင် ပါဝင်ရန် ငြင်းဆိုခဲ့ကြသည်။

ငါးရက်ကြာကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအား ဦးဆောင်ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ကြောင်း ပြသသည့်အနေဖြင့် ညီလာခံသို့ ၎င်းတို့ တက်ရောက်မည်ဟု မေ ျှာ်လင့်ရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.