နေပြည်တော်၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးအောက်မှ အကောင်းဆုံးဖြေရှင်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြောကြားသည်။
“အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်။ တရားဥပဒေ စိုးမိုးရေးအောက်မှာပဲ မျှမျှတတ လုပ်သွားမယ်။ ဘာဖြစ်နေလဲဆိုတာ မရှင်းသ၍တော့ ဘယ်သူ့ကိုမှ စွပ်စွဲမှာ မဟုတ်ဘူး။ အထောက်အထားခိုင်လုံမှ စွပ်စွဲချက်တင်သင့်ရင် တင်မှာဖြစ်ပါတယ်” ဟု ၎င်းက နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Bert Koenders နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင်တွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်၊ ငခူရစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် စခန်းများအား အမည်မသိ လက်နက်ကိုင် ၉၀ ကျော်က နံနက် ၃ နာရီခန့်တွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့အရာရှိ တစ်ဦးအပါအဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဒေသတွင်း ဆောင်ရွက်နေပြီဖြစ်သော်လည်း ခုခံတိုက်ခိုက်မှုများနှင့် ကြုံတွေနေရပြီး သေဆုံးမှုအချို့လည်း ဆက်လက်ဖြစ်ပေါ်နေသည်။
အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ခိုက်မှုများနှင့် နယ်မြေရှင်းလင်းမှုများတွင် အစိုးရဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် တပ်မတော်သား လေးဦး၊ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကာ အကြမ်းဖက် တိုက်ခိုက်သူများဟုဆိုသူ ၁၆ ဦး၏ အလောင်းများကို ရရှိထားပြီး လေးဦးကို ဖမ်းဆီးထားသည်။ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာက စစ်ဆေးမေးမြန်းလျက်ရှိသည်။
တိုက်ခိုက်မှုများမှာ မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကိုမူ အစိုးရက ထုတ်ဖော် မပြောသေးဘဲ တရားဥပဒေနည်းလမ်းများအရ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုသာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲချုပ် ဇော်ဝင်းက အောက်တိုဘာ ၉ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်း-ဉာဏ်လှိုင်လင်း