ရန်ကုန်၊ မေ ၂၃
ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့် အစီရင်ခံစာအများစုမှာ မှားယွင်းနေပြီး တပ်မတော်မှာ တရားဝင် တပ်မတော်ဖြစ်သောကြောင့် တရားဝင်သည့် လုပ်ရပ်များကိုသာ လုပ်ဆောင်နေသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ယမန်နေ့က လက်ခံတွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ရခိုင်ဒေသနှင့်ပတ်သက်သည့် Report အများစုမှာ မှားယွင်းနေကြောင်း၊ ရိုက်နှက်မှုနှင့် ဆိုင်ကယ် ယူဆောင်သွားမှုတို့မှာ မှန်ကန်ပြီး အရေးယူဆောင်ရွက်နေကြောင်း၊ ရခိုင်ဒေသဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စုံစမ်း စစ်ဆေးမှုများဖြင့် အတည်ပြုချက်များအရ ပြောကြားခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နယ်မြေရှင်းလင်းရေး ဆောင်ရွက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားမှုနှင့် ပတ်သက်ပြီး တပ်မတော်၏ ပြန်လည်တုံ့ပြန် ဖြေရှင်းချက်တွင် ဖော်ပြထားသည့် အရေးယူမှုနှစ်ခုအား ၎င်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပထမဖြစ်စဉ်တွင် ကိုးတန်ကောက်ကျေးရွာ၌ ဆိုင်ကယ်ကို ပိုင်ရှင်မသိပဲ ယူဆောင်စီးနင်းခဲ့ရာမှ ပျောက်ဆုံးခဲ့သည့်အတွက် စစ်သည်အား နယ်ဘက်ဆိုင်ရာပြစ်မှု ရာဇသတ်ကြီးပုဒ်မ-၃၈၀ အရ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နယ်ဘက်ထောင်တစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကာ ပိုင်ရှင်အား ဆိုင်ကယ်တန်ဖိုးငွေ ကျပ် ၅၃၀,၀၀၀ ကို ပေးလျော်စေခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒုတိယဖြစ်စဉ်တွင် မြင်းလွတ်ကျေးရွာ၌ ကျောင်းဆရာမများ နေထိုင်သည့် အဆောင်မီးလောင်မှု ငြိမ်းသတ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အားနည်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများကို ဝါးခြမ်းပြားဖြင့် နှစ်ချက်၊ သုံးချက်စီ ရိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူ အရာရှိ တစ်ဦးကို အပြစ်ဖော်ပြ သတိပေးဆုံးမပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူ စစ်သည်နှစ်ဦးတို့အား နယ်ဘက်ဆိုင်ရာပြစ်မှု ရာဇသတ်ကြီးပုဒ်မ-၃၂၃ အရ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ နယ်ဘက်ထောင် တစ်နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် ဥပဒေ ချိုးဖောက်မှုမရှိအောင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နေသကဲ့သို့ ဥပဒေချိုးဖောက်မှု တွေ့ရှိပါကလည်း လုံးဝခွင့်မလွှတ်ဘဲ အရေးယူသွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌအား ပြောကြားခဲ့သည်။
အကြမ်းဖက်သမားများက ရဲစခန်းမှ လက်နက်ခဲယမ်းများ ယူဆောင်သွားသောကြောင့် ကုလသမဂ္ဂအပါအဝင် လာရောက်လေ့လာလိုသည့် အဖွဲ့များကို ခွင့်မပြုခြင်းဖြစ်သော်လည်း ယခုနောက်ပိုင်းကာလတွင် လာရောက် လေ့လာသည့် အဖွဲ့များကို ခွင့်ပြုပေးနေသည်ဟုလည်း ၎င်းက ပြောကြားသည်။
ရခိုင်ဒေသဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့များအတွင်း တပ်မတော်၏ တိုက်ခိုက်မှုအဖြစ် ရေးသားထားသည့် Report များစွာ ရှိနေသည်ဟု ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့သည်။
လက်တွေ့မြေပြင်တွင် အမှားအမှန်ရှိမည်ဖြစ်သော်လည်း ပြည်သူလူထုနှင့် အများထံသို့ ရောက်ရှိသွားသည့် အစီရင်ခံစာများက ပို၍အရေးကြီးကြောင်း၊ မှန်ကန်သည့် Report များဖြစ်လာအောင် တပ်မတော်သာမက လွှတ်တော်နှင့် အခြားအဖွဲ့များကပါ ဝိုင်းဝန်းလုပ်ဆောင်ရန် ၎င်းက အကြံပြုခဲ့ပြီး ၎င်းတို့အနေဖြင့်လည်း ထိုကိစ္စများ ရပ်တန့်သွားအောင် ကြိုးစားလုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။