တရားဥပဒေစိုးမိုးရေးအတွက် အဓိက မောင်းနှင်အားဖြစ်သော တရားသူကြီးများ၊ ဥပဒေဝန်ထမ်းများနှင့် ရဲဝန်ထမ်းများအား လက်ရှိထက် ပိုမို ထောက်ပံ ကူညီပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အောက်တိုဘာ ၁၈ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များအပါအဝင် ၎င်းတို့၏ မိသားစုများ၊ ဥပဒေဝန်ထမ်းများနှင့် တရားသူကြီးများအား အထွေထွေ ထောက်ပံ့ပေးရေးအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ ဦးရန်အောင်က အောက်တိုဘာလ ၁၁ ရက်တွင် တင်သွင်းခဲ့ရာ ကိုယ်စားလှယ် ၁၃ ဦးက အောက်တိုဘာ ၁၈ ရက်နေ့တွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
“ကျွန်တော့်အနေနဲ့ ဒီအဆိုပြုချက်ကို အတည်ဖြစ်ချင်ပါတယ်။ ဒီအဆိုပြုချက်က လက်ရှိ အခြေအနေမှာ အရေးကြီးပြီး လိုအပ်နေပါတယ်။ ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ လူ့ဘောင်လောကကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ လွတ်တော်၏ အဆုံးအဖြတ် ရယူချင်ပါတယ်” ဟု ဦးရန်အောင်က ပြောပါသည်။
၎င်း၏ အဆိုကို ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ပယ်မဲ လေးမဲဖြင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့သည်။
“ကျွန်တော့်အဆို အခုလို အောင်မြင်သွားတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုလည်း လက်ရှိအခြေအနေမှာ ဖြစ်သင့်ပါတယ်” ဟု ဦးရန်အောင်က ပြောပါသည်။
“ဒီကိစ္စတွေအတွက် လွတ်တော်ကနေပြီး ပြည်သူလူထု သိအောင် တင်ပြနေရသော်လည်း၊ လက်ရှိ နိုင်ငံမှာ ရဲသားတွေနေထိုင်နေရတဲ့ အခြေအနေတွေအတွက် မလုံမလဲ ခံစားရပြီး ရှက်မိပါတယ်” ဟု ၎င်းက ပြောပါသည်။
အထက်အရာရှိများအနေဖြင့် မိမိတို့ဝန်ထမ်းများ၏ လိုအပ်နေသော အခြေအနေများအတွက် “အဘယ်ကြောင့် တာဝန်ယူ ဖြေရှင်းပေးမှု မရှိခဲ့ပါသလဲ” ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ဦးရန်အောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားစီရင်ရေးကိစ္စများ ပိုမိုအဆင်ပြေအောင်မြင်နိုင်ရေးအတွက် ရဲဝန်ထမ်းများ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းရန် ဆောင်ရွက်သွားနိုင်ရေးကိုပါ ထည့်သွင်းမေးမြန်းခဲ့ရာ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်အောင်ထွန်းက ထိုအဆိုသည် ပြည်ထောင်စုနှင့်သာ သက်ဆိုင်သည့်အတွက် ပြည်ထောင်စုအစိုးရထံသို့ ဆွေးနွေးရန် တိုက်တွန်းသင့်ကြောင်းနှင့် ယခု တိုင်းလွတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြောကြားခဲ့ပါသည်။
“လူပြည့်စုံလုံလောက်သော ဌာနဆိုင်ရာဟူ၍ မရှိပဲ ဌာနဆိုင်ရာ အားလုံး၌ လူလိုအပ်ချက်များနဲ့ ဖွဲ့စည်းထားပါတယ်” ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းကဆိုသည်။
သတင်း-ဆုမြတ်မွန်