စည်သူအောင်မြင့် ရေးသားသည်။
၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ် ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ၂၀၁၅ ခု နှစ်ကုန်ခါနီးမှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်ရဲ့ သမိုင်းဝင် စကားတစ်ခွန်း ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုလိုက်ပြီး နောင် ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့နဲ့ လက်တွဲ ဆောင်ရွက်သွားမယ် ဆိုတဲ့ စကား ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီ စကားကို အမေရိကန် အခြေစိုက် ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံစဉ်မှာရော၊ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာပါ ပြောခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကစ ရာစုနှစ် တစ်ဝက်ကျော် တိုင်းပြည်ကို စစ်ဗိုလ်ချုပ် တစ်ယောက်ယောက် အုပ်ချုပ်ရင် အုပ်ချုပ်၊ ဒါမှမဟုတ် စစ်တပ်ကို ကျောထောက်နောက်ခံပြုပြီး စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ယောက်က အုပ်ချုပ်တယ် ဆိုတဲ့ သမိုင်းအစဉ်အလာကို ပြည်ဖုံးကားချလိုက်တာလည်း ဖြစ်ပါတယ်။ တစ်နည်း တပ်မတော်ဟာ သူ့ရပ်တည်ချက်ကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဘာကြောင့် အဲလို ရပ်တည်ချက် ပြောင်းသွားရတာလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ နှစ်ပေါင်း ၅၀ ကျော် သမိုင်းကို ပြန်ကြည့်ရင် ပြည်သူလူထုရဲ့ ရွေးချယ်မှုကို အခုလို လက်သင့်ခံတာ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ တိုင်းပြည်ကို စစ်ဗိုလ်ချုပ်တစ်ယောက်က အုပ်ချုပ်ရင် အုပ်ချုပ်၊ ဒါမှမဟုတ် အရပ်ဝတ် ဝတ်ပြီး ရွေးကောက်ပွဲမှာ ကိုယ့်ဖာသာကိုယ် အနိုင်ရအောင် လုပ်ပြီး အုပ်ချုပ်ရင် အုပ်ချုပ်၊ ဒါမှမဟုတ် ပြည်သူတွေက မဲပေးရွေးချယ်လိုက်ရင်လည်း အဲဒီ ရလဒ်ကို အသိအမှတ် ပြုလိုက်တာမျိုး တစ်ကြိမ် တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ တိုင်းပြည်အာဏာကို ရာခိုင်နှုန်းပြည့် ချုပ်ကိုင်ထားခဲ့တာချည်းပဲ ဖြစ်ပါတယ်။ လက်ရှိ တပ်မတော် ခေါင်းဆောင်ကတော့ အခုလို ရပ်တည်ချက် ပြောင်းလဲလိုက်တာဟာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံခဲ့ရင် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရင်မဆိုင်လိုတာကြောင့်လို့ ပထမ ဦးဆုံး ကောက်ချက် ချနိုင်ပါတယ်။
လက်ရှိ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီဟာ ရိုးရိုး အနိုင်ရတာမျိုး မဟုတ်ပါဘူး။ အပြတ်အသတ် သောင်ပြိုကမ်းပြို အနိုင်ရတာပါ။ ဒီ အခြေအနေကို ကြည့်ရင် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ကို ဘယ်လောက် ထောက်ခံတယ် ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် တပ်မတော်ဘက်ကသာ အကြောင်းအမျိုးမျိုးပြပြီး ဒီ ရလဒ်ကို လက်မခံ၊ ငြင်းပယ်ခဲ့မယ် ဆိုရင် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ကြီးမားတဲ့ ဆန့်ကျင်အုံကြွမှုမျိုး မလွဲမသွေ ခံရဖို့ ရှိနေပါတယ်။
အရင်အချိန်အခါတုန်းကလို အခြေအနေမျိုးဆိုရင်တော့ တပ်မတော်ဟာ လူထုအုံကြွမှုကို လုံးဝ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေကတော့ ပြောင်းလဲနေပါပြီ။ အထူးသဖြင့် ပွင့်လင်းလွတ်လပ်လာတဲ့ ၅ နှစ်တာ ကာလနီးပါးမှာ တပ်မတော်တွင်း အခြေအနေကလည်း ပြောင်းလဲခဲ့ပါပြီ။ တပ်မတော် အရာရှိ အရာခံ အကြပ်တပ်သားတွေဟာ အရင်ကလို သတင်းအမှောင်ချထားတာမျိုးကို မကြုံကြရတော့ပါဘူး။ ပြင်ပမှာ ဖြစ်ပျက်နေတာတွေ အားလုံးကို သိနိုင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေကို ကြားနိုင်ကြပါတယ်။ ဒီလို အခြေအနေမျိုးအောက်မှာ တပ်မတော်ဟာ အရင်တုန်းကလို ပြည်သူလူထုကို ပစ်ဆိုပစ်၊ သတ်ဆိုသတ် နှိမ်နင်းဆို နှိမ်နင်းဆိုတာမျိုး အမိန့်ပေး ညွှန်ကြားလို့ ရကောင်းမှ ရနိုင်ပါတော့မယ်။ ဒီလို အခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် တပ်မတော်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြု ရပ်တည်ချက် ပြောင်းလဲခဲ့ပုံရပါတယ်။
တကယ်လို့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံရင် တပ်မတော်က နောက်ထပ် ရင်ဆိုင်ရမယ့် ပြဿ နာကြီးတစ်ခုက အမေရိကန် ဗြိတိန်၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဝိုင်းပယ်ခြင်း ခံရမယ့် အရေးပါ။ အရင် ရှေ့ပိုင်းခေတ်တွေတုန်းကဆို တပ်မတော်ဟာ အနောက်နိုင်ငံတွေရဲ့ ဝိုင်းပယ်တာကိုခံ၊ တရုတ်၊ ရုရှား အနားသွားပြေးကပ်ြပ်ီး တိုင်းပြည်ကို ဆက် အုပ်ချုပ်နေမှာပါပဲ။
ဒါပေမယ့် ဒီကနေ့ တပ်မတော်ရဲ့ အနေအထားဟာ တရုတ်နဲ့ ခပ်ခွာခွာ နေလိုပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ အလွန်ရင်းနှီးချင်နေပါတယ်။ အမေရိကန် အပါအဝင် အနောက်ကမ္ဘာရဲ့ အသိအမှတ်ပြုမှုကို လိုချင်နေပါတယ်။ ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ အဲဒီအထဲက ထင်ရှားတဲ့ သာဓက တစ်ခုကတော့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ “ကိုးကန့်” တိုက်ပွဲတွေ ကိစ္စပဲ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ မြန်မာ့တပ်မတော်က အပြီးအပြတ် ချေမှုန်းလိုက်တဲ့ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ မိုင်းလားနယ်မှာ ပြန် တည်ထောင်၊ စစ်ရေး လေ့ကျင့်၊ တရုတ်နယ်မြေ အသုံးပြုပြီး တပ်မတော်က ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသကို လျှပ်တပြက် ဝင်တိုက်ခဲ့လို့ပါပဲ။
အဲဒီတိုက်ပွဲတွေမှာ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံး အလွန်များသလို၊ ပြည်တွင်းနဲ့ နိုင်ငံတကာအလယ် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက် အတွက် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို သဘောမကျပါဘူး။ နောက်ပိုင်း အစိုးရတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲလို့ တရုတ်နိုင်ငံ နယ်မြေထဲ ကျတာတွေ၊ အလားတူ တရုတ်နယ်မြေထဲ အမြှောက်ဆန် ကျရောက်ပေါက်ကွဲခဲ့တာတွေကြောင့် တရုတ်ဘက်ကလည်း မြန်မာနယ်စပ်မှာ တပ်တွေချ၊ စစ်ရေးလေ့ကျင့်ပြတာတွေ လုပ်လာပါတယ်။
တရုတ်နိုင်ငံရဲ့ အဲဒီ လုပ်ရပ်တွေဟာ အချုပ်အခြာ အာဏာကို အလေးထားပါတယ် ဆိုတဲ့ မြန်မာ့တပ်မတော်အတွက် စိတ်ဆိုးစရာ မခံချင်စရာ ဖြစ်စေပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာ့တပ်မတော်ဟာ တရုတ်နဲ့ ပြန်မနီးစပ်ချင်တော့ပါဘူး။ ဒီအတွက်လည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဆန့်ကျင်မှုကို ခံရမယ့် ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုတာမျိုး မလုပ်တော့ဘဲ နှစ်ပေါင်း ၅၀ ကျော် ကျင့်သုံးလာတဲ့ ရပ်တည်ချက်ကို ပြောင်းလိုက်တာ ဖြစ်ပါတယ်။
တပ်မတော်ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက် ပြောင်းလိုက်ရတဲ့ နောက်ဆုံး အချက်ကတော့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံတဲ့တိုင်၊ အင်န်အယ်လ်ဒီ ကို အစိုးရဖွဲ့ခွင့် ပေးလိုက်တဲ့တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ဟာ သီးခြား ရပ်တည်ခွင့်ရမှာ ဖြစ်ပြီး အရေးကြီးတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ဆက်ပြီး လွှမ်းမိုးခွင့်၊ လွှတ်တော်အသီးသီးအတွင်း ပါဝင်ခွင့်၊ အရေးပါတဲ့ ဝန်ကြီးဌာန သုံးခု ကိုင်ခွင့် ဆက်ရနေဦးမှာမို့ ဖြစ်ပါတယ်။ ဒီ အဓိက အချက်သုံးချက်ကြောင့်သာ တပ်မတော် ခေါင်းဆောင်တွေဟာ နှစ်ပေါင်း ၅၀ ကျော် ကျင့်သုံးလာတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းပြီး ပထမ ဦးဆုံးအကြိမ် အရပ်သား အစိုးရ တစ်ရပ် တက်လာမှာကို လက်ခံလိုက်တာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။