တပ်မတော်အပေါ် စွပ်စွဲထားသည့် လိင်အကြမ်းဖက်မှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြင်းဆိုလိုက်ပြီး တပ်မတော်၏ သမိုင်းကြောင်း၌ ထိုကဲ့သို့ လိင်အကြမ်းဖက်များ မရှိဟု ပြောကြားသည်။
“စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာအရ စက်ဆုတ်ဖွယ် အပြုအမှုအဖြစ် သတ်မှတ်ထားပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လက်တွေ့လေ့လာ ကြည့်ရှုရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိလာသည့် ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းက လက်ခံတွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်မှုများနှင့် လိင်အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ၎င်းပြစ်မှုများကို ပိုမိုပြင်းထန်စွာ အပြစ်ပေးလျက်ရှိကြောင်းနှင့် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်း၌လည်း ၎င်းကဲ့သို့ လိင်အကြမ်းဖက်မှုများ မရှိကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“တပ်မတော်သည် နိုင်ငံတော်ကို ကိုယ်စားပြုနေသည့် ကာကွယ်ရေး အဖွဲ့အစည်း၊ တစ်ခုတည်းသော တပ်မတော်ဖြစ်၍ စည်းကမ်းနှင့်ပတ်သက်ပြီး တိကျစွာလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော် အက်ဥပဒေများကို လိုက်နာလျက်ရှိပြီး နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေနှင့်အညီ တိကျစွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်။