တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကော်မရှင် ကာကွယ်ပေးနေဟု အရပ်ဖက်အဖွဲ့အစည်းများ ပြော

ရဲမွန်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တပ်မတော်က ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန် ပျက်ကွက်လျက်ရှိနေပြီး တပ်မတော်၏ ဒိုင်းအဖြစ် အသုံးချခံနေရသည်ဟု အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရှေ့ပြေးအသံအဖွဲ့၏ သုတေသနညွှန်ကြားရေးမှူး အဲလက်စ်မိုဒီက မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူသိရှင်ကြား ရှုတ်ချရမည်ဟု အောက်တိုဘာ ၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ကော်မရှင်အပေါ် သုံးသပ်ထားသော အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားသည်။

“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေဘက်ကလည်း ကော်မရှင်က ရပ်တည်ပေးသင့်တယ်။ ပြီးတော့ ချိုးဖောက်မှုတွေကိုလည်း စုံစမ်းဖော်ထုတ်သင့်တယ်”ဟု ၎င်းကပြောသည်။

အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့ ပူးပေါင်းကာ ရေးသားထားသည့် “သက်ဆိုင်သူထံ ပြန်ပို့ရန်_ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်ထံသို့ ပြန်လည်တင်သွင်းရမည်” အမည်ရှိ အစီရင်ခံစာတွင်လည်း ကော်မရှင်အနေဖြင့် တပ်မတော်နှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် နစ်နာသူဘက်မှ ရပ်တည်ပေးမှု အလွန်အားနည်းသည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာ ရေးသားရာတွင်ပါဝင်သည့် စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၏ ဒါရိုက်တာ ဦးသွင်လင်းအောင်က မြန်မာနိုင်ငံအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူ့အခွင့်အရေးပြဿနာများ ကြုံတွေ့နေရပြီး တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိလာသည့်အခါတွင်လည်း ကော်မရှင်က စုံစမ်းဖော်ထုတ်ပိုင်ခွင့် ရှိရမည်ဟု ပြောသည်။

“တကယ်အရေးပါတဲ့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ MNHRC (မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်) ကနေပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ နိုင်ငံအတွက် အစိုးရနဲ့ စစ်တပ်တို့ရဲ့ လွှမ်းမိုးမှုအောက်ကနေ လွတ်ကင်းပြီး သမာသမတ်ကျကျ စွမ်းဆောင်ရည်ရှိတဲ့ လူ့အခွင့်အရေး ကော်မရှင်တစ်ခု အခုချိန်မှာ အရင်ကထက် ပိုပြီးတော့တောင် လိုအပ်နေပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်များက ထင်ရှားခဲ့သည့် အမှုသုံးမှုဖြစ်သည့် ကချင်အမျိုးသား ဘရန်ရှောင်အမှု၊ အလွတ်တန်း သတင်းထောက် ကိုပါကြီးအမှုနှင့် အင်းဝအပ်ချုပ်ဆိုင်အမှုတို့တွင် ကော်မရှင်၏ ဆောင်ရွက်ခဲ့မှုများ အားနည်းခဲ့သည်ကို အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကချင်အမျိုးသား ဘရန်ရှောင်အမှုမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူ ဂျာဆိုင်းအိန်ကို တပ်မတော်က ပစ်သတ်ခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် ဘရန်ရှောင်ကိုယ်တိုင် ကော်မရှင်သို့ တိုင်ကြားစာ တင်သွင်းခဲ့သော်လည်း တပ်မတော်ဘက်က မမှန်မကန်စွပ်စွဲမှုဖြင့် ဘရင်ရှောင်အား တရားစွဲခဲ့သည်ကိုပင် ကာကွယ်မပေးနိုင်သည့်အတွက် နောက်ဆုံးတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

”MNHRC သည် တိုင်ကြားသူကို လက်တုံ့ပြန်မှု မခံရအောင် အကာအကွယ် မပေးနိုင်ရုံမက မြန်မာစစ်တပ်နှင့် ရင်ဆိုင်ရလျှင် မည်မျှ အစွမ်းမဲ့သွားပုံကို ဖော်ပြနေသည်”ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်ကို တွေ့ရသည်။

ထို့ပြင် အလွတ်တန်းသတင်းထောက် ကိုပါကြီးအမှုတွင်လည်း ကိုပါကြီးမှာ တပ်မတော်သားများ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းကို အများပြည်သူကြား ရုတ်ရုတ်သဲသဲဖြစ်ပြီးမှသာ ကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ သို့သော် ၎င်းတို့၏ အစီရင်ခံချက်တွင် နှိပ်စက်ညှင်းပန်းခံရသည့် လက္ခဏာများ မဖော်ပြထားသည့်အပြင် မမှန်ကန်သည့် အချက်များလည်း ပါဝင်ခဲ့သည်။

အဆိုပါအမှုကို အရပ်ဖက်တရားရုံးတွင် စစ်ဆေးရန် ကော်မရှင်က အကြံပြုတိုက်တွန်းခဲ့သော်လည်း ပါဝင် ပတ်သက်သည့် စစ်သားနှစ်ဦးကို တံခါးပိတ် စစ်ခုံရုံးမှ လွှတ်ပေးလိုက်သောကြောင့် ကော်မရှင်အနေဖြင့် မြန်မာစစ်တပ်နှင့် ရင်ဆိုင်ရလျှင် အစွမ်းမဲ့သည်ဟူသော ယူဆချက်ကို ပိုမိုခိုင်မာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျွန်မတို့အနေနဲ့ ကော်မရှင်ကို တိုင်းရင်းသား ဒေသတွေမှာဖြစ်နေတဲ့ ပဋိပက္ခတွေမှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သွားရောက် စုံစမ်းစေချင်ပါတယ်။ တပ်မတော်ဘက်က ပေးမဝင်ဘူး၊ ပေးမသွားဘူးဆိုရင်လည်း လူသိရှင်ကြား ထုတ်ပြန်ပေးသင့်ပါတယ်”ဟု ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

သို့သော် မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အစီရင်ခံစာပါ စွပ်စွဲချက်အကြောင်းအရာများကို ငြင်းပယ်လိုက်သည်။

ကော်မရှင်အနေဖြင့် မည်သူ့အတွက်မှ ဒိုင်းအဖြစ် အသုံးချခံ ဆောင်ရွက်နေခြင်းမရှိဟု ၎င်းက Frontier ကို အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar