နေပြည်တော်၊ ဇွန် ၁၄
တပ်မတော်(လေ)မှ Mi-2 အမျိုးအစား တပ်မတော်ရဟတ်ယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၇၂ အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ပျက်ကျခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ရဟတ်ယာဉ်မှူး ဗိုလ်မှူးရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီးထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီးတင်ထွန်းလွင်တို့ သုံးဦးသည် ၎င်းနေရာ၌ သေဆုံးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရသည်ဟု ဖော်ပြထားသည်။။ ရဟတ်ယာဉ် ပျက်ကျမှုအခြေအနေအား တာဝန်ရှိသူများက စုံစမ်း ဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည်။
ပိုလန်နိုင်ငံမှ ထုတ်လုပ်သည့် Mi-2 ရဟတ်ယာဉ်များသည် အပေါ့စား သံချပ်ကာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ဖြစ်ကာ လက်နက်လည်း တပ်ဆင်ကာ အနီးကပ် လေကြောင်းပစ်ကူများလည်း ပေးနိုင်သည်။
မြန်မာ့တပ်မတော်တွင် အဆိုပါ ရဟတ်ယာဉ် ၂၂ စီး အသုံးပြုနေသည်ဟု ဝီကီပီးဒီးယားမှ အချက်အလက်များအရ သိရသည်။
ဧပြီ ၂၆ ရက်နေ့ကလည်း တပ်မတော်(လေ)မှ Bell-206 အမျိုးအစား ရဟတ်ယာဉ်တစ်စီး မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ပျက်ကျမှု ဖြစ်ပွားခဲ့သော်လည်း လေသူရဲ ဗိုလ်မှူးနှစ်ဦးအား ဆည်အတွင်းရှိ ငါးဖမ်းလှေများက ကယ်ဆယ်နိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း တပ်မတော်(လေ)မှ Beechcraft 1900 လေယာဉ်သည် လယ်ဝေးမြို့နယ်၊ ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက်ရှိ မတ်ပဲစိုက်ခင်းအတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးနှင့် ဒုတပ်ကြပ်နှစ်ဦး သေဆုံးခဲ့ရသည်။
သတင်း- Frontier