တပ်မတော်နဲ့ သတင်းလောက သဘောထား ကွာဟမှုကို စိတ်မကောင်းဖြစ်

ရန်ကုန်၊ ဇွန် ၂၈

သတင်းလောကနှင့် တပ်မတော်တို့အကြား သဘောထား ကွာဟနေမှုကို စိတ်မကောင်းဖြစ်ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က Frontier ကို ပြောသည်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ဦးတည်ချက်တွေနဲ့ ဝေးကွာသွားမှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။

သတင်းမီဒီယာသမားများအား တပ်မတော်က ဖမ်းဆီးထိန်းသိမ်းကာ မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အရေးယူအမှုဖွင့်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူက တပ်မတော်အပေါ် အထင်အမြင် လွဲမှားနိုင်မှု၊ သတင်းစာနယ်ဇင်းများ၏အမြင် တိမ်းစောင်းအားလျော့သွားစေနိုင်မှု၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြားမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်ဆဲ အခြေအနေဖြစ်သဖြင့် ယခုကဲ့သို့ အရေးယူမှုများက မသင့်တော်သဖြင့် တပ်မတော်ပိုင်းက လေးလေးနက်နက် ပြန်လည်စဉ်းစားလျက် အရေးယူမှုကို ရုပ်သိမ်းသင့်ကြောင်း ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။

“သတင်းသမားဆိုတာ သတင်းရှိတဲ့အရပ်ကို သူသွားမှာပဲ။ သူသွားတာက ပြည်သူကို သတင်းအချက်အလက် ပေးတာပေါ့။ message (သတင်း) ပေးတာဆိုတော့ အဲလိုသွားတာဟာ တရားမဝင် သွားတာလို့ သတ်မှတ်လို့ မသင့်လျော်ဘူး။ မတရားသတင်းဖြစ်တယ်လို့ ပြောတဲ့ကိစ္စမှာ ဘယ်သူ့ဆီကမဆို သူက သတင်းယူမှာပဲ။ သတင်းထောက်က သူရတဲ့သတင်းကို ထုတ်ပြန်ပေးရမှာပဲ၊ မထုတ်ပြန်ပေးရင် သတင်းထောက်က တာဝန်ပျက်ကွက်သွားမယ်” ဟု ၎င်းက ပြောသည်။

တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော်TNLA နဲ့ ဆက်သွယ်ကာ ပြန်လာခဲ့သည်ဟု စုံစမ်းသိရှိရသဖြင့် DVB မှသတင်းထောက်နှစ်ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို တပ်မတော်က ဇွန်လ ၂၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ယခုကဲ့သို့ သတင်းသမားများ အဖမ်းခံရမှု၌ သတင်းသမားများဘက်က ဥပဒေကို ချိုးဖောက်ခြင်းရှိ မရှိ ဆုံးဖြတ်ရန် ခက်ခဲကြောင်း ဆိုသည်။

“တကယ်ဆို တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ NCA ကို လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေ ရှိသလို မထိုးတဲ့အဖွဲ့တွေလည်း ရှိတယ်။ TNLA က မြောက်ပိုင်းမဟာမိတ်ဖြစ်ပြီး NCA ကို လက်မှတ်ထိုးမထားဘူး။ အဲဒါက အစိုးရဘက်၊ တပ်မတော်ဘက်ကကြည့်ရင် တရားဝင် အဖွဲ့အစည်းလား၊ တရားမဝင် အဖွဲ့အစည်းလား။ အမှန်တော့ သူတို့ကိုယ်တိုင် အဲဒီအဖွဲ့တွေကို ငြိမ်းချမ်းရေးညီလာခံ ဖိတ်ထားတာ” ဟု ၎င်းက ဆိုသည်။

သတင်းသမားများ conflict ပဋိပက္ခ ဖြစ်ပွားရာဒေသမှာ သတင်းယူပါက သက်ဆိုင်ရာ အာဏာပိုင်များထံ အသိပေးသွားရမည်ဖြစ်ပြီး ၎င်းတို့ထံမှ ကာကွယ်စောင့်ရှောက်မှု ယူနိုင်ကြောင်း၊ သို့သော် ထိုသို့ လုပ် မလုပ် မသိသောကြောင့် ပြောရန်ခက်နေကြောင်း ဦးသီဟစောက ပြောသည်။

တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ၂၀၁၆ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

သတင်း – ဘိုဘိုသိန်းခိုင်ဇာအောင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar