တပ်မတော်နေ့အခမ်းအနား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတက်ရောက်နိုင်

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ခြင်းမရှိဘဲ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာ တက်ရောက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ညနေပိုင်း ရုံးဆင်းချိန်တွင် “လှေကားအဆင်း၌ ခြေချော်ပြီး” ဒူးအရွတ် အနည်းငယ်ထိခိုက်ခဲ့သည် ဟု ဆိုသည်။

“တပ်မတော်နေ့အခမ်းအနားဆိုတာ တောက်လျောက် တစ်နာရီခွဲ၊ နှစ်နာရီကြာ မတ်တပ်ရပ်ရတဲ့အတွက်ကြောင့်၊ တခြားကိစ္စ မရှိပါဘူး” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အခမ်းအနားမစတင်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများကို အစဉ်အလာအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များက နှစ်စဉ်တက်ရောက်ကာ စစ်ကြောင်းကြီးများအား စစ်ဆေးပြီး မိန့်ခွန်းပြောကြားလေ့ရှိသည်။

ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ စစ်ယန္ထရားတပ်များ မပါဝင်ဘဲ စစ်သားနှင့် စစ်သမီး ၁ သောင်းကျော်၊ လေယာဉ်ပျံနှင့် ရဟတ်ယာဉ်များသာ ပါဝင်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ချီတက် အလေးပြုခဲ့ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိန့်ခွန်းပြောကြားခဲ့သည်။

ထို့သို့ပြောကြားရာတွင် ၎င်းက တပ်မတော်အနေဖြင့် နိုင်ငံလွတ်လပ်ရေးရရှိအောင် ပြည်သူနှင့်တွဲပြီးတိုက်ပွဲဝင်ခဲ့သကဲ့သို့ ရရှိပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည် မဆုံးရှုံးစေရန်အတွက် ခိုင်မာ တောင့်တင်းသည့် အင်အားစုကြီးတစ်ခုအဖြစ် နိုင်ငံတော်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်ဟု ပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကိုပါ ထည့်သွင်းပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၂၆ ရက်နေ့က နေပြည်တော်ရှိ သူရဲကောင်းဗိမာန်တွင် ကျင်းပသည့် အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၏ ရုပ်တုများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သေးသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar