တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ကျင်းပမှုမှာ တပ်မတော်နှင့် ပြည်သူ တစ်သားတည်းရှိသည်ဟူသည့် ပြယုဂ်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးပြောကြားလိုက်သည်။
“အမြို့မြို့အနယ်နယ်တွင်ရှိသည့် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးမှုကိုဆန့်ကျင်ပြီး တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေသည်ကိုတွေ့ရကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈) ဒုတိယနေ့ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
“အဆိုပါဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏စစ်မှန်သော သဘောထားများကို သိရှိပြီး တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်ပင်ဖြစ်ကြောင်း” လည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ထိုကဲ့သို့ “အစဉ်အလာကောင်းများကို” ဆက်လက်ထိန်းသိမ်းသွားကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ်က ဆောင်ရွက်ခဲ့သည့် တပ်မတော်၏ စစ်ဆင်ရေးများအတွင်း အင်အားအလွန်အကျွံ အသုံးပြုကာ မူဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲထားကြသည်။ လူမျိုးသုန်းဆောင်ရွက်မှုဖြစ်သည်ဟု ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂက ပြောကြားထားသည့် ထိုလုပ်ဆောင်မှုများအတွက် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များအား အပြစ်ပေး အရေးယူမှုများ ပြုလုပ်ရန်လည်း နိုင်ငံတကာက ဖိအားပေးနေကြသည်။
ထိုသို့ဆောင်ရွက်မှုများကို ကန့်ကွက်ပြီး တပ်မတော်၏ ဆောင်ရွက်မှုများကို ထောက်ခံသည်ဟူသည့် ဆန္ဒထုတ်ဖော်မှုများကို အမျိုးသားရေးလှုပ်ရှားသူ သံဃာများနှင့် လူပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများက ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်း အချို့သည် မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လျက်ရှိသည်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့် အပြောအဆို အပြုအမှုများကိုလည်း သတိပြုကြရမည်ဟု စစ်မှုထမ်းဟောင်းများကို ၎င်းက သတိပေးခဲ့သည်။
“မိမိ၏အပြုအမူ အပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် တပ်မတော်ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေသည်ကိုလည်း နှလုံးသွင်း ထားကြရန် လိုအပ်ကြောင်း” ၎င်းကပြောကြားသည်။
ပြည်သူများ၏ အကျိုးပြုလုပ်ငန်းများကို စိတ်အား ထက်သန်စွာသယ်ပိုးရင်း နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ထားရှိသည့် မိမိတို့၏သဘောထားများကို သိရှိအောင် လက်တွေ့ကျကျ လုပ်ဆောင်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းသွားသည်။