တပ်မတော်ထိပ်တန်းခေါင်းဆောင်များကို အရေးယူရန် ကုလမစ်ရှင်အဖွဲ့ တိုက်တွန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မှုခင်းတွေ ကျူးလွန်ခဲ့တဲ့အတွက် တပ်မတော် ကာကွယ်ရေးစီးချုပ်အပါအဝင် စစ်တပ်အရာရှိကြီးငါးဦးကို စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ မစ်ရှင်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက လူမျိုးသုန်း ဆောင်ရွက်မှုတွေအပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက လူသားချင်းစာနာမှုဆိုင်ရာ မှုခင်းတွေအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို စစ်ဆေး အပြစ်ပေးရမှာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က သြဂုတ် ၂၇ ရက်နေ့က ပြောကြားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၇ ခုနှစ်၊ မတ်လမှာ ဖွဲ့စည်းပေးခဲ့တဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “မြန်မာ့တပ်မတော် အမိန့်ပေးသည့် အဆင့်ဆင့်မှ အဆင့်မြင့် အရာရှိကြီးများအား စုံစမ်းစစ်ဆေးရန်နှင့် အပြစ်ပေးရေးအတွက် အခွင့်အာဏာပေးအပ်ရန် လုံလောက်သည့် သတင်းအချက် ရှိနေသည်” လို့ ဖော်ပြထားပါတယ်။

ထို့ပြင် ရခိုင်ပြည်နယ်မှ ရာဇဝတ်မှုများနှင့် ၎င်းတို့အတွက် ပြင်ဆင်မှုများမှာ သဘောသဘာဝ၊ လေးနက်မှုနှင့် ပမာဏတို့တွင် လူမျိုးသုန်းလုပ်ဆောင်များအား ခွင့်ပြုရန် လုပ်ဆောင်မှုများနှင့် တူညီနေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့်နှစ် သြဂုတ်လနောက်ပိုင်း သောင်းကျန်းသူတွေကို နှိမ်နင်းခဲ့တဲ့ ရက်စက်တဲ့ စစ်ဆင်ရေးတွေ စတင်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင် ၇၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးတွေအတွင်းမှာ စစ်သားတွေနဲ့ လူရမ်းကားအုပ်စုတွေက မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွပ် ပြောကြားမှုတွေ ပေါ်ထွက်နေပါတယ်။

မြန်မာဘက်ကတော့ ဒီလို လူမျိုးစုရှင်းလင်းရေး ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရိုဟင်ဂျာသောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ခြင်းသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

ဒါပေမယ့် မစ်ရှင်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ “လုံခြုံရေးဆိုင်ရာ အမှန်တကယ် ခြိမ်းခြောက်မှုများအတွက် ညီညွတ် ကိုက်ညီခြင်းမရှိပဲ ကြမ်းတမ်းလှသည်” လို့ ပြောကြားထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားသော ထိပ်တန်း စစ်တိုင်းမှူးငါးဦးရဲ့အမည်ကို ဖော်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ ဖော်ပြခံထားသူတွေကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် ၉၉ ခြေလျင်တပ်ရင်းက ဗိုလ်မှူးချုပ် သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်ရင်းက ဗိုလ်မှူးချုပ် အောင်အောင်တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် နိုင်ငံတကာစံနှုန်းတွေအတိုင်း လုပ်ဆောင်မယ့် ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေအတွက် ပိုမိုရှည်လျားတဲ့ အမည်စာရင်းကို ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို တားဆီးဖို့အတွက် အစိုးရခေါင်းဆောင် တစ်ယောက်အနေနဲ့၊ ဒါမှမဟုတ် ကျင့်ဝတ်သိက္ခာအရ တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရကတော့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ကို အသိအမှတ်ပြုထားခြင်းမရှိသလို မြန်မာနိုင်ငံကိုလည်း လာရောက်ခွင့် မပြုခဲ့ပါဘူး။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံမှာမဟုတ်ဘဲ ခိုင်လုံတဲ့အထောက်အထားတွေ ပေးအပ်ပါက စစ်ဆေးအရေးယူသွားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထားတွေပေး၊ စုံစမ်းစစ်ဆေးမယ်။ မှန်ကန်တယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူမယ်။ ဒီလိုပြောထားတဲ့အပေါ်မှာလည်း ကျွန်တော်တို့ အချက်အလက်တွေ မရဘူး” လို့ သူက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပြီးဖြစ်ကာ ထိုကော်မရှင်၏ တွေ့ရှိချက်၊ ဖော်ထုတ်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar