တပ်မတော်က အပြုတ်တိုက်လမ်းစဉ် စွဲကိုင်နေခြင်းကြောင့် ပြည်တွင်းစစ် မပြီးနိုင်ဟု UWSA ပြော

ရဲမွန်

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြည်တွင်းစစ်များ ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွားနေရသည့် အကြောင်းအရင်းမှာ တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကို ရန်သူကဲ့သို့ သဘောထားပြီး အပြုတ်တိုက်ရေး လမ်းစဉ်ကို စွဲကိုင်နေခြင်းကြောင့်ဖြစ်သည်ဟု ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ပြောကြားလိုက်သည်။

UWSA ၏ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း အမည်ဖြင့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံသို့ ဇူလိုင် ၁၃ ရက်နေ့က ဆွေးနွေးတင်ပြချက် စာတမ်းတွင် ထိုသို့ ရေးသား ဖော်ပြထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်သည် ကိုးကန့် (MNDAA)၊ တအာင်း(TNLA)နှင့် ရခိုင်(AA) စသည့် အဖွဲ့သုံးဖွဲ့ကို အသိအမှတ်မပြုဘဲ ရန်သူကဲ့သို့ သဘောထား အပြုတ်တိုက်လမ်းစဉ် စွဲကိုင်နေသည့်အပြင် နှစ်ဦးနှစ်ဖက် နှစ်ပေါင်းများစွာ တိုက်ခိုက်လာသော်လည်း မည်သူကမှ အနိုင်မရရှိခဲ့ဟုလည်း ရေးသားထားသည်။

”တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးရရှိထားသော ဒေသကိုလည်း ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း၏ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် မြန်မာ့တပ်မတော်အနေဖြင့် လက်တွေ့အခြေအနေကို ရှုမြင်ပြီး အားလုံးပါဝင်ရေးကို အကောင်အထည်ဖော်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားအဖွဲ့သုံးဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်စေပြီး မည်သည့်အဖွဲ့မှ မချန်ခဲ့အောင် ဝပြည်မှ အစဉ်အမြဲ အကြုံပြု တိုက်တွန်းနေပါတယ်” ဟု ဦးကျော်ကော်အန်းက အဆိုပါစာတမ်းတွင် ပြောကြားထားသည်။

သို့သော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဘောထားကမူ ၎င်း၏ ပြောကြားချက်နှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။ တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရခြင်းနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေရခြင်းကဲ့သို့သော ပြောဆိုချက်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အန္တရာယ်များသည့် လုပ်ဆောင်ချက်များဖြစ်သည်ဟု ဇူလိုင် ၁၁ ရက်က ပြုလုပ်သည့် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

”တပ်မတော်ရဲ့ ဆောင်ရွက်ချက်များဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းသာ ဖြစ်ပါတယ်”ဟု ၎င်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ကိုးကန့် (MNDAA)၊ တအာင်း(TNLA)၊ ရခိုင်(AA) စသည့် အဖွဲ့သုံးဖွဲ့သည် နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် တတိအကြိမ် ပင်လုံငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ အဆိုပါအဖွဲ့များမှ တက်ရောက်လာသည့် ခေါင်းဆောင်များအား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သီးခြားစီ တွေ့ဆုံခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ တွေ့ဆုံခဲ့ခြင်း မရှိပေ။

ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ကိုးကန့် (MNDAA)၊ တအာင်း(TNLA)၊ ရခိုင်(AA) အဖွဲ့တို့နှင့် ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင်လည်း မကြာခဏ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားသည်။

”မကြာခဏတွေ့မှပဲ ယုံကြည်မှု တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းရေး ရမှာပါ။ တစ်ဖွဲ့ချင်းလည်း တွေ့ပါတယ်။ ပေါင်းစပ်ပြီးလည်း တွေ့ပါတယ်။ သို့သော် နိုင်ငံတော်လုံခြုံရေးအတွက် ထုတ်ပြန်လို့ရတာတွေကို ထုတ်ပြန်ပါ့မယ်။ ထုတ်ပြန်လို့ မရတာတွေကိုလ်း မထုတ်ပြန်သေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည် ဇူလိုင် ၁၃ ရက်နေ့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် UWSA ခေါင်းဆောင်နှစ်ဦးဖြစ်သူ ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူရိနှင့် ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်းတို့သည် ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင် ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ ခုတင် ၁,၀၀၀ ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူနေရသည်။

၎င်းတို့နှစ်ဦးအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၃ ရက်နေ့တွင် ဆေးရုံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar