တပ်မတော်က အပစ်ရပ်ကာလသက်တမ်း ၂ လထပ်တိုး

ရဲမွန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်ချက်အပြည့်ဖြင့် ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှလွဲ၍ ကျန်စစ်ဌာနချုပ်များအောက်ရှိ နယ်မြေများတွင် အပစ်အခတ်ရပ်စဲရေးကာလကို တပ်မတော်က ၂ လ ထပ်မံတိုးမြှင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Frontier ကို ဇွန်လ ၃၀ ရက်ကပြောသည်။

သြဂုတ် ၃၁ ရက်အထိ အပစ်ရပ်ထားမည့်ကာလတွင် တပ်မတော်က နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အောင်မြင်စေရန် မျှော်လင့်ထားကြောင်းလည်း ၎င်းကဆိုသည်။

တပ်မတော်သည် ဒီဇင်ဘာ ၂၁ ရက်မှစ၍ စစ်ဌာနချုပ် ငါးခုနယ်မြေများတွင် လေးလကြာ အပစ်ရပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မပြီးပြတ်ခြင်းကြောင့် ဧပြီ ၃၀ ရက်တွင် အပစ်ရပ်ကာလကို ၂ လနှင့် ယခု ဇွန် ၃၀ ၌ နောက်ထပ်၂ လ စသည်ဖြင့် နှစ်ကြိမ်တိုင် တိုးမြှင့်ပေးခဲ့သည်။

“အရင် ၆ လအပစ်ရပ်ကာလအတွင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ တိုက်ပွဲမရှိသလောက် ဖြစ်ခဲ့တယ်။ တချို့IDPs (စစ်ရှောင်စခန်း) တွေကို နေရာပြန်ချပေးနိုင်ခဲ့တယ်။ ခြောက်လတာ ကာလအတွင်းမှာ အရင်ထက် ထိတွေ့တိုက်ခိုက်မှုတွေ လျှော့ချနိုင်ခဲ့တာတွေ့ရတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ရခိုင်တပ်မတော် AA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ မိုင်းလားအထူးဒေသတွင် ဇွန် ၃၀ ရက် နံနက်ပိုင်းက အလွတ်သဘော တွေ့ဆုံခဲ့ကြသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

ယင်းအလွတ်သဘော တွေ့ဆုံမှုနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက အစည်းအဝေးတွင် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) အဆိုပြူချက်ကို ပေးအပ်ခဲ့သည်ဟု ပြောသည်။

မြောက်ပိုင်းအဖွဲ့ လေးဖွဲ့နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး လုပ်ငန်းစဉ်သည် နေရာရွေးချယ်ရေး အခက်အခဲကြောင့် ရှေ့မဆက်နိုင်ဖြစ်နေရပြီး မိုင်းလားဒေသတွင် အလွတ်သဘောသာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဘက်ကတော့ မူကြမ်းအပေါ် သူတို့အစုအဖွဲ့တွေ ဆွေးနွေးပြီး နှစ်ပတ်၊ ဒါမှမဟုတ် သုံးပတ်အတွင်းမှာ ပြန်တွေ့လိုတယ်လို့ အဆိုပြုခဲ့တယ်။ ဒါတွေက ညှိရမှာလေ။ ညှိရမယ့်အတူတူ မြန်မြန်ညှိကြရင် မကောင်းဘူးလားပေါ့” ဟု ဦးလှမောင်ရွှေက ပြောသည်။

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချူပ ်ဇော်မင်းထွန်းကလည်း အပစ်ရပ်မူကြမ်းနှင့်ပတ်သက်ပြီး တပ်မတော်က အစိုးရနှင့်ညှိနှိုင်းပြီးဖြစ်ကြောင်းနှင့် လက်မှတ်ထိုးနိုင်ရန် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက အဓိကကျကြောင်းဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar