တပ်မတော်၏အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ စစ်ရေးတစ်ခုတည်းသာမဟုတ်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည်။
တပ်မတော် အနေဖြင့် “မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာ၊ ဘာသာ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်စသည်ဖြင့် အားလုံးကိုကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများအား မတ် ၂ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ရေးအရကာကွယ်နိုင်ရန် အဓိက လိုအပ်ချက်ဖြစ်သည့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများရှိအောင်လည်း တပ်မတော်ကို ဆာင်ရွက်ရမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင်ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။
“ယခုအချိန်တွင် မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက်ရှိကြောင်း၊ နိုင်ငံရေးအရ မတည်ငြိမ်မှု၊ လုံခြုံရေးအရ မတည်ငြိမ်မှုများရှိလျှင် တိုင်းပြည်သည် ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရာတွင် တည်ငြိမ်မှုရှိရန်ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တပ်မတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နေသည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်။