တပ်မတော်က ကေအိုင်အေစခန်းများအား ဆက်လက်သိမ်းပိုက်

ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ၏ ဂီဒုန်းစခန်းအား ဒီဇင်ဘာ ၁၆ နှင့် ၁၇ ရက်နေ့များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် နောက်ထပ် စခန်းတစ်ခုအား ထပ်မံသိမ်းပိုက်ခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဂီဒုန်စခန်းနှင့် ပတ်ဝန်းကျင်စခန်းကုန်းများအား သိမ်းပိုက်ခဲ့ပြီး နယ်မြေဆက်လက် ရှင်းလင်းခြင်းအား ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်တွင် ဂီဒုန်စခန်း၏ မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ကေအိုင်အေအင်အား ၇၀ ခန့် အခြေပြုထားသည့် စခန်း ခန့်မှန်းမြေပုံညွှန်း (LH-၆၉၃၈၂၈) နေရာအား တပ်မတော်စစ်ကြောင်းတစ်ခုက ချဉ်းကပ် ချေမှုန်းခဲ့ရာ ညနေ ၃ နာရီခွဲခန့်၌ ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ အသက်စွန့်လွှတ်ခဲ့ရသည်ဟု ဖော်ပြထားသော်လည်း အတိအကျကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

ရန်သူ့ထံမှ ၆၀ မမစိန်ပြောင်း တစ်လက်အပါအဝင် လက်နက် နှစ်လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် မိုင်းမျိုးစုံ ၂၆ လုံးအား သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အေတို့ အခိုင်အမာ တပ်စွဲထားသည်ဟူသည့် ဂီဒုန်စခန်းနှင့် ဆက်စပ်တောင်ကုန်းများအား ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က စတင်၍ တပ်မတော်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူရယူ၍ ချဉ်းကပ် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ကေအိုင်အေတို့က အပြင်းအထန် ခုခံခဲ့သော်လည်း ဂီဒုန်စခန်းနှင့် ပတ်ဝန်းကျင်စခန်းများကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အရာရှိနှင့် စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့သလို ကေအိုင်အေဘက်ကလည်း သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများပြားသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် သေဆုံးဒဏ်ရာရရှိမှု အသေးစိတ်ကိုမူ နှစ်ဖက်လုံးက ထုတ်ပြန်ကြေညာခြင်းမရှိပေ။

ထိုသို့ စခန်းသိမ်းပိုက်ခံရမှုကို ကေအိုင်အေကလည်း အတည်ပြုခဲ့ပြီး စခန်းပြန်လည်ရရှိရေးအတွက် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

“ပြန်ရဖို့အတွက် ကျွန်တော်တို့ သူတို့ကို တိုက်နေပါတယ်။ ဒီနေ့လည်း တိုက်ပွဲတွေဖြစ်နေတယ်” ဟု ကေအိုင်အေ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အေအက်ဖ်ပီကို ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ယခုတိုက်ပွဲများသည် ကေအိုင်အေ၏ အဓိက ဌာနချုပ်ဖြစ်သော လိုင်ဇာနှင့် နီးကပ်သောနေရာများတွင် ဖြစ်ပွားနေခြင်းကြောင့် ထူးခြားနေသည်။ ထို့ကဲ့သို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကြိုးပမ်းနေသည့် တစ်နိုင်ငံလုံး ငြိမ်းချမ်ရေး ရရှိရေးမေ ျှာ်မှန်းချက်ကိုလည်း ခြိမ်းခြောက်နေသည်။

ပြီးခဲ့သည့်လက ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံနယ်စပ်ရှိ မူဆယ်ဒေသတွင် ကေအိုင်အေပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရပြီး ဒေသခံထောင်ပေါင်းများစွာလည်း အိမ်နီးချင်း တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထိုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်နေခြင်းက ဖေဖော်ဝါရီလတွင် ပြန်လည်ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအား ခြိမ်းခြောက်နေသည်ဟုလည်း လေ့လာသူများက သုံးသပ်နေကြကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက တပ်မတော်က ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်နေပါက တိုင်းရင်းသားအဖွဲ့များကို ပိုမိုနီးကပ်သွားစေလိမ့်မည်ဟု ပြောကြားသည်။

“တကယ်လို့ အစိုးရက တပ်မတော်ကို မထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင်တော့ တိုင်းရင်းသားလက်ကိုင်တပ်ပေါင်းစုကို ကျွန်တော်တို့ ဖွဲ့စည်းလိမ့်မှာဖြစ်ပြီး ပြန်တိုက်ရပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar