နေပြည်တော်၊ ဇူလိုင် ၁၇
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက သူ့ပြောကြားခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တပ်မတော်ကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ဇူလိုင် ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း” ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီလို ပြောဆိုမှုကို တပ်မတော်ဖက်က မကျေလည်ခဲ့ဘဲ ထိပ်တိုင်ရင်ဆိုင်မှုပုံစံဖြင့်ပြောဆိုခြင်းဟု သတ်မှတ်ခဲ့ပြီး အဲဒီလို ပြောဆိုချက်တွေဟာ အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေသလို တပ်မတော်ဖက်ကလည်း အပြုသဘော ရေရှည်ဆက်ဆံဖို့ မသင့်တဲ့အတွက် ဦးဖြိုးမင်းသိန်းကို လိုအပ်သလိုစိစစ်အရေးယူပေးဖို့ ဇူလိုင် ၁၁ ရက် မှာ တပ်မတော်က အစိုးရထံ အကြောင်းကြားထားခဲ့တာပါ။
အဲဒီနောက်မှာတော့ ဇူလိုင် ၁၃ ရက်၊ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လိပ်မူထားတဲ့ တောင်းပန်စာအား အမြန်ချောပို့လမ်းကြောင်းဖြင့် ပေးပို့ခဲ့တာကို လက်ခံရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၁၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့ပြောစကားနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းကို သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သတိပေးအရေးယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ပါတီဝင်အဖြစ်က ရပ်စဲလိုက်တယ်ဆိုတဲ့ သတင်းတွေကိုတော့ ပါတီက ငြင်းဆိုထားပါတယ်။
အစိုးရဖက်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အစိုးရရဲ့ ရပ်တည်ချက်သဘောထား မဟုတ်ဘူးလို့ တပ်မတော်ကို ဇူလိုင် ၁၃ ရက်က အကြောင်းပြန်ထားပြီး ဦးဖြိုးမင်းသိန်း ဆောင်ရွက်ရမယ့် အပိုင်းတွေကို ညွှန်ကြားထားတယ်လို့ ပြောကြားထားပါတယ်။