တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်ဟိုင်တို့ နေပြည်တော်တွင် သြဂုတ် ၂၂ ရက်က တွေ့ဆုံခဲ့ကြပြီးရှမ်းပြည်နယ်(မြောက်ပိုင်း)မှတိုက်ပွဲများနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအား အကြောင်းပြ၍ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးဆောင်ရွက်နေမှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများလည်း ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်သည်။
ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသားကန့်ကွက် ရှုတ်ချကြောင်းကြေညာထားသည်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို တရုတ်နိုင်ငံကူမင်းတွင်ခေါ်ယူ တွေ့ဆုံခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ရုရှားခရီးစဉ်စတင်သောသြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားစေခဲ့သည်။
မြန်မာနှင့်တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိတံတားများကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များကမိုင်းခွဲဖျက်ဆီးခဲ့ရာ တရုတ်မြန်မာကုန်သွယ်ရေးအထိနာခဲ့သည်။သို့သော်အစိုးရက ရက်ပိုင်းအတွင်းဘေလီတံတားထိုးကာ လမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်အောင် ကြိုးစားခဲ့သည်။
သို့သော် တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သိန်းနီ-ကွတ်ခိုင်လမ်းပိုင်းတွင် ပစ်ခတ်မှုများရှိနေရာ ကွတ်ခိုင်တွင်ပိတ်မိနေသော နိုင်ငံခြားသား၂၈ဦးကို ယမန်နေ့ကတပ်မတော်ကရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ပေးခဲ့သည်။
စစ်တိုင်း ၅ ခုတွင် တပ်မတော်ကစစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်းပေးထားသည့်ကာလမှာ ယခုလကုန်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း တကျော့ပြန်ရှမ်း/မြောက်တိုက်ပွဲများကြောင့် သက်တမ်းထပ်တိုးမတိုးစောင့်ကြည့်ရမည်ဖြစ်သည်။