တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ ဦး နှင့် မင်းကင်းအမတ်ဦးမောင်မြင့်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သော ဆွေးနွေးချက်တွင် ပြည်ထောင်စုလွှတ်တော်နည်းဥပဒေပါ စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိဟုဆိုကာ စကားရပ်အချို့ကိုလွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်လိုက်သည်။
နိုဝင်ဘာ ၂၆ ရက်က အမတ် ၅ ဦး၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာပြီးနောက် တူသံကိုခပ်ပြင်းပြင်းထုခဲ့သည်။
“မယောင်ရာဆီလူး”၊”ဝေ့လည်ကြောင်ပတ်”၊“ဘာကြောင့် သဝေထိုးနေကြတာလဲ”၊ “သွေးရိုးသားရိုးဟုတ်ရဲ့လား”၊ “စိန်ခေါ်ချင်တာက”၊ “အချိန်ဆွဲနေတာလား။ပြင်ဆင်ဖို့စေတနာမရှိလို့ဟန်ပြနေတာလား”စသည့် စကားရပ်များနှင့်အခြားစကားရပ်အချို့ကို လွှတ်တော်မှတ်တမ်းမှ နှုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးသောင်းထိုက်စိုး၏ဆွေးနွေးချက်တွင် “အစည်းအဝေးကာလများမှာလည်းမူဝါဒစနစ် ခိုင်မြဲစွာသတ်မှတ်ထားခြင်းမရှိဘဲ ဖတ်ရှုလေ့လာစိစစ်ရင်းစနစ်ရှာနေတာ”၊ “ကောင်းနိုးရာရာမူဝါဒချမှတ်နေတာ”၊ “စမ်းတဝါးဝါးလုပ်နေတာကြောင့် လုပ်ငန်းစဉ်တလျှောက်အခက်အခဲတွေကြုံလျက်ရှိကြောင်း သိရပါတယ်”။“မယောင်ရာဆီလူးနေရင်”၊”ဝေ့လည်ကြောင်ပတ်လုပ်နေရင်”ဟူသော အသုံးအနှုန်းများပါဝင်ခဲ့သည်။
အဆိုပါအသုံးအနှုန်းများမှာ လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အဖွဲ့အစည်းတစ်ရပ်အတွင်းဆောင်ရွက်ချက်များကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်ကြောင်း နာယက ကပြောသည်။
ဗိုလ်မှုးဇင်မျိုးလတ် ၏ ပြောဆိုဆွေးနွေးမှုမှ “ဘာကြောင့် သဝေထိုးနေကြတာလဲဆိုတာစဉ်းစားလို့မရပါဘူး”ဟူသောစကားရပ်လည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရသည်။
ဗိုလ်ကြီးဒေါ်သန်းသန်းဝင်း၏ ဆွေးနွေးချက်တွင် ပါဝင်သော“အချိန်ဆွဲနေတာလား။ပြင်ဆင်ဖို့စေတနာမရှိလို့ဟန်ပြနေတာလား”၊“ယခုကဲ့သို့ဥပဒေနှင့်ညီညွတ်ခြင်းမရှိ”ဟူသောအသုံးအနှုန်းများလည်း ပယ်ဖျက်ခံရသည်။
ထို့အပြင် ဗိုလ်ကြီးဒေါ်သဇင်လှိုင်၏ ဆွေးနွေးချက်နှင့်မင်းကင်းအမတ်ဦးမောင်မြင့်တို၏ဆွေးနွေးချက်များမှာလည်း အပိုဒ်လိုက် ပယ်ဖျက်ပစ်ခဲ့သည်။
လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်ကို မှန်မှန်ကန်ကန်စည်းကမ်းရှိရှိအသုံးချသင့်ကြောင်း နာယက ကဆိုသည်။
ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကိုအတတ်နိုင်ဆုံးကျေပွန်စွာဆောင်ရွက်ခဲ့ပြီး နာယကတာဝန်မကျေပွန်လျှင် တာဝန်ရုတ်သိမ်းနိုင်သည့် ဥပဒေ၊နည်းဥပဒေများ သတ်မှတ်ပြီးဖြစ်ကြောင်း၎င်းကပြောသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့သည် ယခင်က လွှတ်တော်ဆွေးနွေးချက်အချို့တွင် တပ်မတော်ကိုထိပါးသော စကားရပ်အချို့ကို လွှတ်တော်မှပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြဖူးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော တပ်မတော်ကပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမည်ဟု ထုတ်ဖော်ပြောဆိုထားကြသော်လည်း ပြင်ဆင်ရေးသို့သွားချင်သည့်လမ်းကြောင်းနှင့်ပတ်သက်၍ အကြီးအကျယ်သဘောထားကွဲလွဲလျက်ရှိသည်။