တန်းမြင့် အဝတ်အထည်များချုပ်သည့် စက်ရုံများတွင် အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ဥရောပဈေးကွက်ဝင် တန်ဖိုးကြီးအမှတ်တံဆိပ် အဝတ်အထည်များကို ချုပ်လုပ်ပေးနေသော မြန်မာနိုင်ငံမှ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း အလုပ်သမားရေးလှုပ်ရှားသည့် အဖွဲ့အစည်း နှစ်ခုက ယခုလ ၇ ရက်နေ့တွင် ပြောကြားသည်။

အဝတ်အထည် အမှတ်တံဆိပ်များဖြစ်သည့် H&M၊ Pierre Cardin၊ New Look နှင့် Sport Direct ကဲ့သို့သော ဥရောပဈေးကွက်ဝင် တန်းမြင့်အမှတ်တံဆိပ် အများအပြားအတွက် ချုပ်လုပ်ပေးနေသော အထည်ချုပ်စက်ရုံ ၁၂ ရုံမှ အလုပ်သမားများအား ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီမှ ဇွန်လအတွင်း၌ မေးခွန်းများ မေးမြန်း သုတေသနပြုလုပ်ခဲ့ပြီးနောက် တွေ့ရှိချက်များကို ၎င်းတို့က ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။

သုတေသနပြုလုပ်မှုကို နယ်သာလန်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Centre for Research on Multinational Corporations (SOMO)က ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှ အလုပ်သမားအရေး လှုပ်ရှားသူများအဖွဲ့ (Action Labor Rights – ALR) နှင့် အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (Labor Rights Defenders and Promoters – LRDP)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းအဖွဲ့များက ရန်ကုန်၊ ပဲခူးနှင့် ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ ၁၂ ခုမှ အလုပ်သမား ၄၀၃ ဦးအား သုတေသနမေးခွန်းလွှာများ ဖြေဆိုစေခဲ့ရာတွင် လုပ်သားများသည် ၎င်းတို့၏ အခြေခံရပိုင်ခွင့်များပင် မရရှိဘဲ လုပ်ငန်းရှင်များက အခွင့်အရေးနှင့် ဥပဒေချိုးဖောက်မှုများလည်း ရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

အလုပ်သမားများအား အချိန်ပိုကြေးပင်မပေးဘဲ အချိန်ပိုခိုင်းစေခြင်း၊ လုပ်သားများသည် ပုံမှန်အခြေခံ လုပ်ခလစာ အပြည့်ရရှိရန်အတွက်ပင် အချိန်ပိုဆင်းနေရခြင်း၊ ခွင့်ရက်မရရှိခြင်းနှင့် လုပ်ခလစာ နည်းပါးသဖြင့် ကြွေးနွံနစ်နေခြင်းများအပြင် အခြားသော အခွင့်အရေးချိုးဖောက်ခံရမှုများကို ခံစားနေရသည်ဟု သုတေသန ပြုလုပ်ခဲ့သူများက ပြောကြားသည်။

ထို့ပြင် သုတေသနပြုလုပ်ခဲ့သည့် စက်ရုံများအနက် ခြောက်ခုတွင် ၁၄ နှစ်အောက် ကလေးလုပ်သား များအား ခိုင်းစေနေပြီး ကလေးငယ်များသည် လူကြီးများနှင့်တန်းတူ အလုပ်ချိန်အတိုင်း လုပ်နေရသည့်အပြင် လူကြီးများ၏ အလုပ်ပြီးမြောက်မှုကို အမှီလိုက်ရန် ဖိအားပေးမှုရှိနေသဖြင့် လုပ်ခမရဘဲ အချိန်ပိုများ ဆင်းနေကြရသည်ဟုလည်း ဆိုသည်။

ကလေးလုပ်သားများက ပြောစကားနားထောင်ခြင်း၊ ခိုင်းသမျှလုပ်ခြင်း၊ လုပ်အားခပေးရသက်သာ ခြင်းနှင့် လခစားအဖြစ် ခန့်ထားရန်မလိုဘဲ နေ့စားအဖြစ်သာ ခန့်ထားနိုင်ခြင်းတို့ကြောင့် အလုပ်ရှင်များ က ခန့်ထားကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ထို့ပြင် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ဖြစ်သည့် တစ်ရက်လျှင် ၃,၆၀၀ ကျပ်သည် မလောက်ငှ သဖြင့် အလုပ်သမားအများစုသည် ကြွေးနွံနစ်နေကြောင်းလည်း သုတေသနအရ သိရသည်။

“တစ်ရက် ၃,၆၀၀ ဆိုတာကတောင် မလောက်ငှပါဘူး။ ဒါပေမဲ့ အစိုးရသတ်မှတ်ချက်အရ လုပ်သက် ခြောက်လပြည့်မှ တစ်ရက် ၃,၆၀၀ ပေးရတာဆိုတော့ ဝင်ဝင်ချင်း တစ်ရက် ၁,၈၀၀ နဲနဲကြာမှ ၂,၇၀၀ ပဲ ရနေကြပါတယ်။ အဲဒါကဘယ်လိုမှ လုံလောက်တဲ့ ငွေကြေးမဟုတ်ပါဘူး”ဟု ALR မှ ကိုသူရိန်အောင်က ရှင်းပြသည်။

“အလုပ်သမားတွေရဲ့အခြေအနေက အတင်းအကျပ် ခိုင်းစေခြင်းမြောက်တယ်လို့ ILO က သတ်မှတ်ထားတဲ့ အခြေအနေမျိုးကိုတောင် ရောက်နေပြီ”ဟု ALR မှ မအိနှင်းလှိုင်ကလည်း မှတ်ချက်ပေးသည်။

အလုပ်သမားများအနေဖြင့် ကျန်းမာရေးမကောင်းသဖြင့် ခွင့်ယူလျှင်လည်း လုပ်ခလစာအပြင် ရက်မှန်ကြေးကိုပါ ဖြတ်တောက်ခံရကြောင်းလည်း ၎င်းတို့ကဆိုသည်။ ထို့ပြင် အလုပ်ထုတ် နစ်နာကြေး၊ လုပ်ငန်းခွင့်ထိခိုက်မှု နစ်နာကြေးနှင့် အခြားအခွင့်အရေးများ မပေးလိုသဖြင့် အလုပ်ရှင်များက ဖြစ်နိုင်သမျှ နေ့စားဝန်ထမ်းအဖြစ်သာ လုပ်သားခန့်ထားကြကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

အလုပ်သမားများက သမဂ္ဂဖွဲ့စည်းပြီး ရပ်တည်ပြောဆိုရန်လည်း မတတ်သာကြောင်း၊ သမဂ္ဂဖွဲ့လျှင် ခေါင်းဆောင်ကို အကြောင်းအမျိုးမျိုးဖြင့် အလုပ်ထုတ်ပစ်လေ့ရှိကြောင်းလည်း ဆိုသည်။

“ကျွန်တော်တို့ သုတေသနလုပ်ခဲ့တဲ့ စက်ရုံ ၁၂ ရုံမှာ တစ်ရုံမှာပဲ သမဂ္ဂတစ်ခု ရှိပါတယ်”ဟု ကိုသူရိန်အောင်က ပြောသည်။

သုတေသနကို ဖြေကြားပေးခဲ့သော အလုပ်သမားများအား အလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ သုသေသနပြုလုပ်ခဲ့သည့် စက်ရုံများကို နာမည်အတိအကျ ဖော်ထုတ်ပြောဆိုရန်ကိုမူ ၎င်းတို့က ငြင်းဆိုကြသည်။ သို့သော် ကိုရီးယား၊ ဂျပန်နှင့် မြန်မာနိုင်ငံသားပိုင် စက်ရုံတစ်ရုံစီနှင့် တရုတ်နိုင်ငံသား ပိုင် စက်ရုံကိုးရုံအား သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သုတေသနပြုလုပ်ခဲ့သည့် ရလဒ်ကိုလည်း စက်ရုံပိုင်ရှင်များထံနှင့် အဆိုပါစက်ရုံများအား အလုပ်အပ်နေသည့် ဥရောပမှ အဝတ်အထည် ကုမ္ပဏီကြီးများထံသို့ မထုတ်ပြန်မီတွင် ပေးပို့ကာ အမှားအယွင်း တစ်စုံတရာရှိကြောင်း ထောက်ပြနိုင်ရန် ရက်သတ္တနှစ်ပတ်ကြာ အချိန်ပေးခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ပေးပို့ရာတွင် စက်ရုံတစ်ရုံကသာ အခြေအနေများအား ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေကြောင်း အကြောင်းပြန်ခဲ့ပြီး ကျန်စက်ရုံများက အကြောင်းမပြန်ခဲ့ကြောင်း သိရသည်။ သို့သော် ဥရောပမှ ဝယ်လက်ကုမ္ပဏီကြီးများကမူ ္ဋ၎င်းတို့ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည့် အပိုင်းကို ပြန်လည်ပေးပို့ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့က အ လုပ်ရှင်တွေနဲ့ ဥရောပက ဝယ်လက်တွေကို သတင်းစကားပါးချင်တာကတော့ ကျွန်တော်တို့ အခုလို လုပ်တာဟာ တိုက်ခိုက်တာ မဟုတ်ပါဘူး။ ဝိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းတဲ့အနေနဲ့ ကြိုးပမ်းတာသာ ဖြစ်ပါတယ်”ဟု ကိုသူရိန်အောင်က ပြောသည်။

“အလုပ်သမားတွေဘက်ကလဲ လုပ်အားနဲ့လျော်ညီစွာ လုပ်အားခရမယ်။ အလုပ်ရှင်ဘက်ကလဲ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေရမယ်ဆိုတဲ့ အခြေအနေမျိုးကို သွားရမှာပါ။ လုပ်ခဈေးပေါရင် ပြီးရောဆိုတာမျိုး၊ မြန်မာလုပ်သားတွေကို ဂုတ်သွေးစုပ်တာမျိုးတွေ ရပ်သင့်ပါပြီ”ဟု LRDP မှ မအိရွှေစင်ညွန့်က ပြောသည်။

ဥရောပမှ ဝယ်လက်ကုမ္ပဏီကြီးများကလည်း ၎င်းတို့အလုပ်အပ်ထားသည့် စက်ရုံများအား မကြာမီ စစ်ဆေးရေး ဝင်ကြမည်ဖြစ်ပြီး ထိုအဖြစ်အပျက်များကို တွေ့ရှိပါက စက်ရုံပြောင်းလဲ အလုပ်အပ်နှံကြလိမ့်မည်ဟုယုံကြည်ကြောင်း ကိုသူရိန်အောင်က မှတ်ချက်ပေးသည်။

“ဒီလောက် လုပ်ရကိုင်ရ ချောင်လည်ပြီး၊ လုပ်အားခဈေးပေါတဲ့ တိုင်းပြည်ကနေတော့ သူတို့ကို ကော်ထုတ်တောင် ထွက်ကြမှာ မဟုတ်ပါဘူး။ ထပ်တောင် လာကြဦးမှာပါ။ ဒါပေမဲ့ စက်ရုံပြောင်း အလုပ်အပ်တာမျိုးတွေတော့ လုပ်ကြလိမ့်မယ်။ အဓိကအခွင့်အရေးတွေ ချိုးဖောက်တာကလဲ ဟိုက ဝယ်လက်ကြီးတွေ မဟုတ်ဘူး။ ဒီက စက်ရုံပိုင်ရှင်တွေက လုပ်ကြတာ”ဟု ၎င်းက ရှင်းပြသည်။

ဥရောပလုပ်ငန်းရှင်များ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်သည့် အလေ့အထအရ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက နယ်သာလန် လူမှုအဖွဲ့အစည်း SOMO အား ယခုသုတေသနကုန်ကျစရိတ်အတွက် ထောက်ပံ့ ပေးခဲ့သည်ဟုလည်း ၎င်းတို့ကဆိုသည်။ SOMO အဖွဲ့ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင်   ၎င်းတို့နိုင်ငံ၏ လွှတ်တော်၌ သုတေသနရလဒ်အား ကြားနာပွဲလုပ်ခဲ့ပြီး ဥရောပသတင်းမီဒီယာများထံလည်း ချပြခဲ့ပြီးဖြစ်သည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.